DVB Logo
Home
မြန်မာသတင်း
သုံးပတ်အတွင်း စစ်တပ်က ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီး၊ ရန်ကုန်မှ အများဆုံး ပါဝင်
DVB
·
February 21, 2024
သုံးပတ်အတွင်း စစ်တပ်က ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီး၊ ရန်ကုန်မှ အများဆုံး ပါဝင်
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၁ ရက် အထိ သီတင်းသုံးပတ်အတွင်း  စစ်ကောင်စီတပ်က နိုင်ငံတဝန်း အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၂၅ ယောက်၊ စုစုပေါင်း ၃၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေ အရ သိရပါတယ်။ 

ရန်ကုန်တိုင်းက ၁၁ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရကာ မန္တလေးတိုင်းမှာ ၈ ယောက်နဲ့ ဒုတိယ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဆိုပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာဖြစ်ပြီး ဒီကြေညာချက် ထွက်လာပြီးနောက် လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကြောင့် စိုးရိမ်တကြီး ဖြစ်ခဲ့ရသလို နိုင်ငံတဝန်း ဖမ်းဆီးမှုတွေလည်း ခပ်စိပ်စိပ် ရှိလာနေတာပါ။

ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲ အကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးကတည်းက စုဆောင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေအရ အရပ်ဘက်ဆိုင်ရာ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အ ရွယ်ရှိသူတွေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်း ဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၅၇၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၁၆၄ ယောက်ထိ ရှိလာခဲ့ပြီလို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၇၈၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၀၀၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013