
လမ်းပေါ် ဆိုင်ခင်းခွင့်ပိတ်ထားတဲ့ ရန်ကုန်မြို့၊ တရုတ်တန်းက ၁၉ လမ်း၊ စားသောက်တန်းကို စစ်အာဏာရှင်အစိုးရ၊ ဒေသအာဏာပိုင်တွေက ဓာတ်ရိုက်ဓာတ်ဆင် သဘောမျိုးနဲ့ ဒီနေ့ ဇွန် ၉ ရက် ညနေမှာ ပြန်လည်ဖွင့်လှစ်မယ်လို့ အဲဒီက စားသောက်ဆိုင်တချို့က ပြောပါတယ်။
၁၉ လမ်း၊ စားသောက်တန်းက ဆိုင်ဝန်ထမ်းတယောက်က “အင်္ဂလိပ်လို ၉ ရက်၊ ဗမာလိုကျ ၁၀ ရက်နေ့၊ နှစ်ခုပေါင်းတော့ ၁၉ ဂဏန်းဗျာ၊ လမ်းအမည်ကလည်း ၁၉ လမ်း၊ ဖွင့်မဲ့အချိန်ကလည်း ၁၉ နာရီအတိမှာတဲ့။ ဘာတွေမှန်းမသိဘူးဗျာ” လို့ DVB ကို ပြောပြပါတယ်။
ဒီစာသောက်တန်းရဲ့ လမ်းဘေးဆိုင်ခင်း ဖွင့်လှစ်ရောင်းချခွင့်ကို စစ်အာဏာရှင်အစိုးရ၊ ဒေသ အာဏာပိုင်တွေက မေ ၂၅ ရက်ကတည်းက လမ်းဘေးဆိုင်ခင်းရောင်းချခွင့် ပိတ်ခဲ့တဲ့အတွက် လမ်းတလျှောက်က ဆိုင်ခန်းတွေအားလုံး ရောင်းအား ထိုးကျခဲ့တယ်လို့ အဲဒီက ဆိုင်ဝန်ထမ်းတချို့က ပြောပါတယ်။
၁၉ လမ်း၊ စားသောက်တန်းက နောက်ထပ် ဝန်ထမ်းတယောက်က “သူတို့ပြောတာကတော့ လမ်းကို သေသေချာချာ ပြန်ခင်းမယ်။ ပြီးရင် ပိုမိုစည်ကားအောင်လုပ်ဖို့ ပိတ်ခဲ့တာလို့ ပြောတယ်။ ဒါပေမဲ့ ဖွင့်မဲ့ကာလ သတ်မှတ်ပုံကြီးက တမျိုးပဲ။ အရက်ဆိုင်တန်းမှာပါ ယတြာလာလုပ်နေတာလား မသိဘူး” လို့ ပြောပါတယ်။
တွေ့ဆုံမေးမြန်းခဲ့တဲ့ ဆိုင်ဝန်ထမ်းတချို့က သူတို့လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်အမည်တွေကို မဖော်ပြဖို့ တောင်းဆိုပါတယ်။
စားသောက်ဆိုင်တန်းတွေရှိပြီး အဓိက လူစည်ကားတဲ့ ရန်ကုန်မြို့သားတွေ ညခင်း အပန်းဖြေရာ ၁၉ လမ်း၊ အလယ်ဘလောက်ကို တရုတ်မီးပုံးအလှတွေ၊ ကတ္တရာခင်းပြီး ဘေးမျဉ်းတွေဆွဲ သတ်မှတ်ထားတာကို စည်ပင်သာယာဌာနက ပြင်ဆင်ထားတာလည်း တွေ့ရပါတယ်။
၁၉ လမ်း၊ စားသောက်ဆိုင်တခုက နောက်ထပ် ဝန်ထမ်းတယောက်က “ဒီမျဉ်းကြောင်းထဲမှာပဲ ဆိုင်ခင်းရမယ် ပြောတယ်။ အလယ်မှာ ကားတစီး သွားလို့ရအောင် သတ်မှတ်ထားတယ်။ ဖွင့်တဲ့နေ့ ကျရင်လည်း ကားကြီးတစီး ဝင်မောင်းပြဦးမယ်လို့ ပြောတယ်။ တခြား အဆိုတော်တွေ ဘာတွေနဲ့ ဖွင့်မယ်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲကြဖို့ လူငယ်တွေ နှိုးဆော် ဆန္ဒပြကြရာမှာ ၁၉ လမ်းအတွင်းက စားသောက်ဆိုင်တွေ ပါဝင်ခဲ့ပြီး အရင်က ဒီလမ်းထဲမှာ ထိပ်တန်းဘီယာဖြစ်တဲ့ မြန်မာဘီယာဟာ ချက်ချင်း ရောင်းအားထိုးကြပြီး ဈေးကွက်ပျက်တဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။
မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ ကာချုပ် ရဲဝင်းဦးတို့အပါအဝင် စစ်အုပ်စုကို တရုတ်သံအမတ်ကြီး မစ္စမာကျားက ဇွန် ၈ ရက်က နေပြည်တော်မှာ ရုပ်ရှင်ပြပြီးနောက် ၁၉ လမ်း စားသောက်ဆိုင်တွေ လမ်းပေါ်မှာ ပြန်ဖွင့်ခွင့်ပေးမဲ့ သတင်းထွက်လာတာ ဖြစ်ပါတယ်။










