DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်ကိစ္စ စစ်ကောင်စီနှင့် ညှိနှိုင်းပေးနေသည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို သတိပေး
DVB
·
February 20, 2024
နယ်ခြားစောင့်တပ်ကိစ္စ စစ်ကောင်စီနှင့် ညှိနှိုင်းပေးနေသည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို သတိပေး
Donate to DVB

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ  (NSCN-K )ကို နယ်ခြားစောင့်တပ် အဖြစ်ထားရှိရေး သဘောတူဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းပေးတဲ့ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုအဖွဲ့ကို ၁၅ ရက်အတွင်း ဖြေရှင်းချက် မပေးရင် ပြင်းထန်စွာအရေးယူမယ်လို့ နာဂပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုအဖွဲ့က ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ အပါအဝင် စစ်ကောင်စီလက်အောက်ခံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်ချုပ် အဆင့်ရှိသူဦးဆောင်ပြီး နာဂလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက တာဝန်ရှိသူတွေနဲ့ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲ ဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

အဲဒီညှိနှိုင်းမှုမှာ  ဦးယုံးအောင်ဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီဘက်က သဘောမတူကြောင်း ငြင်းဆိုခဲ့ပေမဲ့ ဦးယုံးအောင်အဖွဲ့က ထုတ်ပယ်လိုက်တဲ့ အန်မိုင်းအဖွဲ့ကတော့ လက်ခံသဘောတူညီခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး နောက်ပိုင်းမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ကန့်ကွက်မှုတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ အခုလို တွေ့ဆုံညှိနှိုင်းမှုကို လုပ်ဆောင်ခဲ့တဲ့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟိုအဖွဲ့က ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ဟာ ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး  ၁၅ ရက်အတွင်းဖြေရှင်းချက်ပေးရမှာဖြစ်ပြီး ဖြေရှင်းချက်မပေးရင်တော့ စစ်ကောင်စီနဲ့ တသားထဲထားပြီး အရေးယူဆောင်ရွက်မယ်လို့ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်လင်းယုန်က ပြောပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K ) တပ်ဖွဲ့ဟာ အာဏာမသိမ်းခင်အချိန်ကတည်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ သဘောတူညီမှုတွေမရရှိခဲ့တာကြောင့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းမှာ လက်လွှတ်ဆုံးရုံးသွားခြင်း မရှိအောင် အဲဒီဒေသထဲမှာရှိနေတဲ့ တိုင်းရင်းသားတော်လှန် ရေးလက်နက်ကိုင်အဖွဲ့တွေကို လိုက်လျောဖြေလျှော့မှုတွေလုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်အောက်က လှုပ်ရှားဆောင်ရွက်ဖို့ ကြိုးစားဆောင်ရွက်နေတာလို့ ဒေသခံတော်လှန်ရေး အဖွဲ့အစည်းတွေက သုံးသပ်ပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီသာ နယ်ခြားစောင့်တပ်အဖြစ် လက်ခံသဘောတူညီခဲ့ရင် စစ်ကိုင်းတိုင်း အထက်ပိုင်းက ဒေသတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နိုင်ရေးက အခက်ခဲရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကို ၁၉၈၀ ပြည့်နှစ်က ထူထောင်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှာရှိတဲ့အဖွဲ့နဲ့ မြန်မာနိုင်ငံဘက်မှာလှုပ်ရှားတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲသွားခဲ့ပြီး မြန်မာဘက်ကခြမ်းမှာရှိနေတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN- K ကတော့ မြန်မာနိုင်ငံအစိုးရနဲ့ အပစ်ရပ်ခဲ့ပြီး အန်စီအေလက်မှတ်ထိုးဖို့ အထိ ကြိုးစားခဲ့တဲ့အ ဖွဲ့ဖြစ်ပါတယ်။

အင်အား ထောင်ဂဏန်းရှိတဲ့ NSCN-K အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကပ္ပလန်ဟာ ၂၀၁၇ခုနှစ်က သေဆုံးသွားခဲ့ပြီး အဲဒီအဖွဲ့ကို ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ စစ်ဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေထုတ်ပယ်ခံခဲ့ရပြီး အဲဒီအထဲက အန်ဆိုင်းဦးဆောင်တဲ့အဖွဲ့က အခုစစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းဖို့ သဘောတူဆုံးဖြတ်ခဲ့တာပါ။

နာဂဒေသအတွင်းစစ်တပ် အသွင်ပြောင်းနယ်ခြားစောင့်တပ်ဖြစ်ပေါ်လာခဲ့ရင် ဒေသအတွင်း မတည်ငြိမ်မှုတွေနဲ့ တိုင်းရင်းသားအချင်းချင်းကြားက ပဋိပက္ခတွေလည်းကြီးထွားလာနိုင်ခြေ ရှိတယ်လို့  နာဂတိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဒေါက်တာအီနျူး ကဆိုပါတယ်။

စစ်တပ်ရဲ့အခုလိုဆောင်ရွက်ချက်က စစ်ကိုင်းတိုင်းအတွင်းဖြစ်ပေါ်လာမယ့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်ဆောင်ရွက်မှုအပေါ် ဟန့်တားချင်တာကြောင့် ဒေသခံတိုင်းရင်းသားတွေနဲ့ ပြည်သူတွေအကြား သွေးခွဲဆောင်ရွက်ချက်တခုသာဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

နယ်ခြားစောင့်အသွင်ပြောင်းရေး ဖွဲ့စည်းဆောင်ရွက်မယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဦးယုံးအောင် ဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (YA) အဖွဲ့  ပြည်ထဲရေးဝန်ကြီး ဟောင်း အန်းမိုင်ဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (AM) အဖွဲ့အပြင် တွေ့ဆုံညှိနှိုင်းမှုလုပ်ဆောင်ပေးခဲ့တဲ့ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုအဖွဲ့က ဥက္ကဋ္ဌ တို့ကို ဆက်သွယ်မေးမြန်းပေမယ့် သတင်းဖော်ပြတဲ့အချိန်ထိ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013