DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်ကြရန် ချင်းအမျိုးသားနေ့တွင် တိုက်တွန်း 
DVB
·
February 20, 2024
စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်ကြရန် ချင်းအမျိုးသားနေ့တွင် တိုက်တွန်း 
Donate to DVB

စစ်မှုမထမ်းမနေရ ဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်လူရွယ်တွေအနေနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ  ပူးပေါင်းပါဝင်ကြဖို့  ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းလိုက်ပါတယ်။ 

ဖေဖေါ်ဝါရီ ၂၀  ရက်မှာ ကျရောက်တဲ့   ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းနှိုးဆော် ထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၃ နှစ်တာ နွေဦးတော်လှန်ရေးမှာ အင်အားပြုန်းတီးမှု များပြားလွန်းခြင်း၊ စစ်သား မစုဆောင်းနိုင်တော့ခြင်းစတဲ့ စစ်ရေး အကျပ်အတည်းတွေကြောင့်  စစ်မှုမထမ်း မနေရစနစ်( ပြည်သူ့စစ်မှုထမ်းဥပဒေ၂၀၁၀) ကို ပြန်လည်အသက်သွင်းလာခဲ့တယ်၊ ဒီလုပ်ရပ်ဟာ စစ်ရေးမှာ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦးဟာ ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃အရ ဖွဲ့စည်းထားတဲ့ ချင်းလဲန်းကောင်စီ ၊ ချင်းလဲန်းအစိုးရ၊ ချင်းလဲန်း လွှတ်တော်နဲ့ တရားလွှတ်တော်တို့ရဲ့ လုပ်ငန်း ယန္တရားတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အစွမ်းကုန် ပံ့ပိုးခြင်းဖြင့် ချင်းလဲန်းကို တည် ဆောက်သွားမယ်၊ ချင်းအမျိုးသားပြည်သူတွေအနေနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့  ချင်းလဲန်းတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့လည်း CNF က တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာမှာ လက်နက်ကိုင်ခုခံတော်လှန်ရေးအတွင်း ချင်းအမျိုးသားတို့ရဲ့ တူမီးတော်လှန်ရေးဟာ အထင်ကရနဲ့ ထိရောက်အောင်မြင်မှုအရှိဆုံး တော်လှန်ရေးတရပ်အဖြစ် သမိုင်းဝင်လျက်ရှိတဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီကို ချစ်မြတ်နိုးပြီး ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ကို လေးစားတန်ဖိုးထားတဲ့ ချင်းအမျိုးသားတွေရဲ့ သမိုင်းအဆက်ဆက် တော်လှန်ရေးတိုက်ပွဲတွေအတွင်း ပေးဆပ်အနစ်နာခံမှုတွေကို လေးစားဦးညွတ်ပါကြောင်းလည်း NUG ရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံ စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားတဲ့ အယူအဆ၊ ကိုယ်ကျိုးအတ္တနဲ့ လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်း လဲပြိုသွားပြီး အချုပ်အခြာအာဏာဆုံးရှုံးရတဲ့ ဘဝသို့ရောက်သွားနိုင်တာကို သတိပြုကြဖို့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောထားပါတယ်။ 

နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက အတူလက်တွဲ ကြိုးပမ်းဖော်ဆောင်ကြဖို့လည်း ပြောပါတယ်။

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ စစ်ခေါင်းဆောင်က တဖက်မှာပြောနေပေမဲ့ တဖက်မှာတော့  စစ်တပ်က တိုင်းရင်းသား ဒေသတွေ အပါအဝင် နိုင်ငံတဝန်းမှာ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊  နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013