DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား  ၆ ဦး အန်ဒမန်ကျွန်းပေါ်တွင် အစာငတ် သေဆုံး
DVB
·
February 19, 2024
မြန်မာနိုင်ငံသား  ၆ ဦး အန်ဒမန်ကျွန်းပေါ်တွင် အစာငတ် သေဆုံး
Donate to DVB

အိန္ဒိယနိုင်ငံပိုင်နက် အန်ဒမန်နဲ့ နီကိုဘာကျွန်းစု (ကပ္ပလီကျွန်းစု)ပေါ်က နာကွန်ဒမ်းကျွန်းပေါ်မှာ မြန်မာနိုင်ငံသား မှောင်ခိုမုဆိုးတွေရဲ့ ရုပ်အလောင်း ၆ လောင်း တွေ့ရှိရပြီး မီးတောင်ကျွန်းငယ်လေးပေါ်မှာ အစာနဲ့ ရေ ပြတ်လပ်ပြီး သေဆုံးသွားကြပုံရတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီကျွန်းပေါ်ကို သူတို့စီးနင်းလာတဲ့ လှေငယ်လေးဟာလည်း ချွတ်ယွင်းသွားတာကြောင့် သူတို့ မပြန်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို နာကွန်ဒမ်းကျွန်းပေါ်က ကမ်းစပ်နဲ့ မီတာအနည်းငယ်အကွာတောထဲမှာ တွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

သူတို့ကို တွေ့ရှိတဲ့နေရာဟာ အိန္ဒိယရဲ့ အရှေ့ဖျား၊ နာကွန်ဒမ်းကျွန်းရဲ့ မြောက်ဘက်၊ အလယ်ပိုင်း အန်ဒမန်ပိုင်နက်ဟာ မြန်မာပိုင် ကိုကိုးကျွန်းနဲ့ ၁၂၆ ကီလိုမိတာပဲကွာဝေးတယ်လို့ ဆိုပါတယ်။ အဲဒီကျွန်းဟာ မီးတောင်ချော်တွေခဲပြီး ဖြစ်ပေါ်လာခဲ့တဲ့ကျွန်း ဖြစ်ပါတယ်။

အဲဒီကျွန်းကို အိန္ဒိယ ဘူမိသုတေသနဌာန (GSI) က မီးတောင်မြုံအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး  ၇ ဒသမ ၆ စတုရန်းကီလိုမီတာခန့် အကျယ်ရှိတဲ့ အဲဒီကျွန်းမှာ မြန်မာနိုင်ငံက မှောင်ခိုမုဆိုးတွေ လာရောက်အမဲလိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အန်ဒမန်ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် မြန်မာနိုင်ငံသားမှောင်ခိုမုဆိုး နှစ်ဦးကို နာကွန်ဒမ်းကျွန်းပေါ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ပို့ဘလဲကို ခေါ်ဆောင်သွားခဲ့ပြီး အိန္ဒိယ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနဆီ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ ဆိုပါတယ်။ သူတို့ကို စစ်မေးရာကနေ နာကွန်ဒမ်းကျွန်းပေါ်မှာ မြန်မာနိုင်ငံက မှောင်ခိုမုဆိုး နောက်ထပ် ၆ ဦး ပုန်းအောင်းနေကြောင်းသိခဲ့ရတာဖြစ်ပါတယ်။

စစ်ဆေးသိရှိပြီးတာနဲ့ အန်ဒမန်ရဲတပ်ဖွဲ့က ချက်ချင်းသွားရောက်ရှာဖွေရာ ရုပ်အလောင်းတွေကိုသာ တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကနဦး စစ်ဆေးမေးမြန်းချက်တွေအရ အိန္ဒိယပိုင်နက်ထဲကို သူတို့လိုက်ပါစီးနင်းလာတဲ့ စက်တပ်သစ်သားလှေဟာ စက်ချွတ်ယွင်းသွားတာကြောင့် နာကွန်ဒမ်းကျွန်းပေါ်က တောထဲမှာ ဝင်ရောက်ခိုလှုံနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ယူဆောင်လာတဲ့ စားနပ်ရိက္ခာတွေ ကုန်သွားပြီးတဲ့နောက်မှာ ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

ရုပ်အလောင်းတွေပေါ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘာကြောင့် သေဆုံးခဲ့ကြတယ်ဆိုတာ ရုပ်အလောင်းတွေကို စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အဲဒီကျွန်းစုတွေပေါ်မှာ မြန်မာနိုင်ငံက မှောင်ခိုမုဆိုး ၁၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီး သူတို့ဆီကနေ ပင်လယ်မျှော့နဲ့ ပင်လယ်ခရုတွေ အမြောက်အမြား ဖမ်းဆီးရရှိခဲ့တယ်လို့ အိန္ဒိယအခြေစိုက် News18 သတင်းက ပြောပါတယ်။

Source/ Photo - News18

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013