DVB Logo
Home
Lead Story
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်များက ဟန့်စစ်ဆင်ရန် ပြင်ဆင်လာသလား
DVB
·
February 17, 2024
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်များက ဟန့်စစ်ဆင်ရန် ပြင်ဆင်လာသလား
Donate to DVB

စစ်ကောင်စီဟာ ပြည်မကို အကြီးအကျယ် ထိုးစစ်ဆင် ရှင်းလင်းပြီး အထိုင်ချလာမယ်၊ EROs ဒေသတွေကိုတော့ လက်လွှတ်လိုက်မယ်ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ ပြည်မကို အာရုံစိုက်လာကြောင်း ညွှန်းကြတဲ့ဖြစ်ရပ်က စစ်ကောင်စီဟာ ပျူစောထီးတွေကို အားပြုပြီး ရွှေပြည်အေး ကောလင်းကို ပြန်လည်ထိုးစစ်ဆင်နေတာကြောင့်လို့ ဆိုကြပါတယ်။ အဲဒီထိုးစစ်မှာ စစ်ကောင်စီဟာ အင်အားတထောင်လောက်ကို စစ်ကြောင်းတွေခွဲပြီး စစ်ဆင်မှု လုပ်ခဲ့ပါတယ်။ သို့ပေမဲ့ ထိုးစစ်ဆင်မှုက အောင်မြင်မှုမရဘဲ လန်ကျသွားတယ်လို့ သတင်းတွေမှာ လေ့လာတွေ့ရှိရပါတယ်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ကောလင်းကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ ဖော်ပြထားပေမဲ့ လက်တွေ့မှာ မှန်ကန်မှုရှိမနေပါဘူး။

EROs ဒေသတွေကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ခံလို့ကို မရဘူး ဆိုသော်ငြားလည်း ဆုံးရှုံးထားသမျှကို ပြန်လည်ရယူဖို့ရာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။ လက်ရှိအနေအထားမှာ ပြန်လည်ထိုးစစ်မဆင်နိုင်သေးသော်ငြား ခံစစ်ပြင်ဆင်မှုကတော့ လုပ်နေရလိမ့်ဦးမယ်ဆိုတာ သူတို့ ကောင်းကောင်းသဘောပေါက်ထားပါတယ်။ EROs ဒေသတွေကို ဟန့်စစ်ဆင်မှု၊ ခုခံစစ်ဆင်မှုအတွက် ပြင်ဆင်မထားဘဲ လက်လွှတ်ခံလိုက်ရတာနဲ့ တော်လှန်ရေးတပ်တွေဟာ အဆီးအတားမရှိ ဒလဟော ချီတက်လာကြမှာဖြစ်မှန်းလည်း ကြိုတင်တွက်ဆထားကြမှာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ ရက္ခိုင့်တပ်တော်၊ တအာင်းတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ မဟာမိတ်ဖွဲ့ထားတဲ့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်မှုဟာ အချိန်အတိုင်းအတာတခုထိ ရပ်တန့်နေဖွယ် ရှိလားဆိုတာ ဆန်းစစ်ဖို့ရာ လိုပါတယ်။ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာရှင်စနစ်ကို ၂၀၂၄ ခုနှစ်အတွင်းမှာပဲ အပြီးတိုင်ဖြိုချမယ်လို့ ဆိုထားပါတယ်။ ရှမ်းမြောက်ထိုးစစ် စတင်ချိန်တုန်းကလည်း တနိုင်ငံလုံးစစ်ဆင်ရေးအဆင့်ကို တက်လှမ်းဖို့ရာ တိုက်တွန်းထားခဲ့ပါသေးတယ်။

ကိုးကန့်တပ်မတော်ဟာ သူတို့ရဲ့ အမျိုးသားစစ်ရေးရည်မှန်းချက် ပြည့်မီခဲ့ပြီဖြစ်ပြီး စစ်ကောင်စီကို ဆက်လက်ဖိအားပေးမပေး စစ်ဆက်တိုက်မတိုက်အပေါ်မှာ နိုင်ငံရေးအရ ဘယ်လောက်စည်းနှောင်မှု ရှိထားနိုင်ပြီလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ဘုံသဘောတူညီမှု လုပ်ထားနိုင်သလဲ အပေါ်မှာ သုံးသပ်ရပါမယ်။ တအာင်းခေါင်းဆောင်တွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖက်ဒရယ် ဒုဝန်ကြီး မိုင်းဝင်းထူးနဲ့အတူ သတင်းတွေမှာ ယှဥ်တွဲတွေ့ရပါတယ်။ တအာင်းတွေဟာ စစ်ရေးရည်မှန်းချက် မပြည့်မီသေးသလို PDF တပ်များနဲ့ စစ်ရေးအရ လက်တွဲမှု ကောင်းစွာလုပ်နေတာ တွေ့ရပါတယ်။ ကိုးကန့်က စစ်ကောင်စီအပေါ် ဆက်လက် ဖိအားပေးမပေး မသေချာပေမဲ့ တအာင်းကတော့ စစ်ကောင်စီအပေါ် ဆက်လက်ဖိအားပေးနေဦးမှာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ရှမ်းမြောက်စစ်ပွဲ အရှိန်အဟုန် လျော့ကျပြီးနောက်မှာ ရက္ခိုင့်တပ်တော်ဟာ ရခိုင်မြောက်ပိုင်းတခွင် စစ်ရေးအရှိန် မြှင့်တင်လာပါတယ်။ လက်ရှိသတင်းတွေကို ဆက်စပ်သုံးသပ်ကြည့်ရင်လည်း ရက္ခိုင့်တပ်တော် အေအေဟာ ရခိုင်မြောက်ပိုင်းတခုလုံးကို မကြာခင်မှာပဲ အလုံးစုံ ထိန်းချုပ်နိုင်တော့မှာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

စစ်ကောင်စီဟာ ဘာဆက်လုပ်ရမလဲ၊ စစ်ကို ဘယ်လိုဆွဲဆန့်နေမလဲ ဆိုတဲ့အပေါ် ဝေဝါးမှု ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် မချနိုင်မှုတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ မြေပြင်စစ်သား အင်အားချိန်ခွင်လျှာ မညီမျှမှုကို ကြုံတွေ့နေရတယ်လို့ တွက်ဆနိုင်ပါတယ်။

မြေပြင်စစ်သားအင်အားအရ ရှမ်းမြောက်ကို ပြန်လည်ရယူဖို့ရာ မဖြစ်နိုင်တော့သလို လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမယ့် အခြေအနေကိုလည်း ကြုံတွေ့နေရပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းကို အပြည့်အဝထိန်းချုပ်ခွင့် (total control) ဟာ ဒီနှစ်အစောပိုင်း လေးလပတ်မှာပဲ လက်လွှတ်ရနိုင်ခြေ ရှိပါတယ်။ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာလည်း ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ဖြတ်တောက်ခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဆိုခဲ့သလို EROs ဒေသတွေကို လက်လွှတ်လိုက်ပြီး ပြည်မရဲ့ တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ဆင် ရှင်းလင်းပြီး ခြေကုပ်ယူဖို့ရာ ပြန်လည်စုဖွဲ့တဲ့အခါ EROs ဒေသတွေက လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတွေဟာ လိုလားလျာထားချက်တွေ ပြည့်မီသွားလို့ စစ်ကို ဆက်မတိုက်ဘဲ ငြိမ်နေကြလိမ့်မယ်၊ ပြည်မကို ကူကြမှာမဟုတ်လို့ စစ်ကောင်စီဟာ သုံးသပ်မှာ မဟုတ်ပါဘူး။

လူမျိုးစုတော်လှန်ရေးတပ်တွေဟာ ပြည်မကို ကူမယ်ဆိုတာ သိနေတဲ့အတွက် မကူနိုင်အောင်လို့ သူတို့ရဲ့ EROs ဒေသတွေအတွင်းက တိုင်းစစ်ဌာနချုပ်တွေဟာ ဟန့်စစ်ဆင်မှုနဲ့ ခုခံစစ်ကို အားပြုလာမှာပဲ ဖြစ်ပါတယ်။

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013