DVB Logo
Home
မြန်မာသတင်း
မြန်မာစီးပွားရေးသမားအသတ်ခံရမှု ကင်မရွန်နိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ် 
DVB
·
February 16, 2024
မြန်မာစီးပွားရေးသမားအသတ်ခံရမှု ကင်မရွန်နိုင်ငံသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ် 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသား စီးပွားရေးသမား ဦးကျော်ဇေယျာ ဆိုသူအသတ်ခံရပြီး ဘတ်ငွေ  ၅ သန်းပါ ပျောက်ဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ကင်မရွန်နိုင်ငံသား ၂ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ 

အဆိုပါ လူသတ်မှုသံသယရှိသူ ၂ ဦးမှာ ဒီမတိုင်ခင်က စကော့တလန်နိုင်ငံသားလို့ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် ထိုင်းလဝကရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သူတို့ဟာ အာဖရိကတိုက် ကင်မရွန်နိုင်ငံသား  ဝီလျံ ခေါ်  Mr.Robinson Saha (၃၂ နှစ်) နဲ့ ဂျွန်ခေါ်  Mr.Viscio Delord Kamgaing Kam (၃၆ နှစ်) တို့ ဖြစ်တယ်လို့ လုမ္ပဏီနယ်မြေရဲစခန်း တာဝန်ကျ ရဲမှူးကြီး နုပ်ဆီလပ် ဖွန်းဆဝဒီက သတင်းထောက်တွေကို ပြောပါတယ်။ 

သူတို့နှစ်ဦးဟာ လူသတ်မှုဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၁ နာရီမှာ အခင်းဖြစ်တဲ့ ကွန်ဒိုတိုက်ခန်းမှ ထွက်ခွာသွားပြီး ဖေဖော်ဝါရီ ၁၄ ရက် မနက် ၅ နာရီမှာ ဒွန်းမောင်းလေဆိပ်မှ စင်ကာပူနိုင်ငံကို ထွက်ခွာသွားကြောင်း၊ သေဆုံးသူနဲ့ နောက်ဆုံးအတူ ရှိနေခဲ့သူတွေဖြစ်တာကြောင့် လူသတ်မှုမှာ သံသယ အရှိဆုံးတရားခံအဖြစ် တရားရုံးခွင့်ပြုချက်နဲ့ ဖမ်းဝရမ်းထုတ်ထားတာလို့ ဆိုပါတယ်။ 

စင်ကာပူလဝက ရဲတပ်ဖွဲ့ သတင်းပို့ချက်အရ ဖေဖော်ဝါရီ ၁၅ ရက်မှာ စင်ကာပူနိုင်ငံကနေ တူရကီနိုင်ငံ အစ္စတန်ဘူလ်ကို ထွက်ခွာသွားပြီး သူတို့ကို ဖမ်းဆီးရမိဖို့ အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့) နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့  ရဲမှူးကြီးက ပြောပါတယ်။ 

တချိန်တည်းမှာပဲ အခင်းဖြစ်တဲ့ညက အဆိုပါနိုင်ငံခြားသား ၂ ဦးက ထိုးနှက်လို့ သတိမေ့မျော သွားတယ်ဆိုတဲ့ မြန်မာအမျိုးသမီး မဌေးဌေးဝင်းကိုလည်း ဆက်လက်စစ်ဆေးနေကြောင်း၊ သူမဟာ သေဆုံးသူရဲ့ မွေးစားအမေဖြစ်တယ်၊ နိုင်ငံခြားသား ၂ ဦးနဲ့လည်း မသိခဲ့ မရင်းနှီးခဲ့ဖူးဘူး၊ သူဟာ ထိုးနှက်လည်ပင်းညှစ်ခံရပြီး မေ့မျောသွားတယ်ဆိုပြီး ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။  

ဒါပေမယ့် သေဆုံးသူရဲ့ ဇနီးနဲ့ မျက်မြင်သက်သေတို့ ထွက်ဆိုချက်အရ သူတို့ဟာ သားအမိမဟုတ်ဘဲ သာမန်မိတ်ဆွေတွေဖြစ်ကြောင်း၊ အဲဒီအခန်းကို နှစ်ယောက်ပေါင်းငှားပြီး အခန်းခ သပ်သပ်စီရှင်းကြောင်း၊ ဓာတ်လှေခါးအတက်အဆင်းထဲမှာလည်း သူမကို နိုင်ငံခြားသား ၂ ယောက်နဲ့အတူ တွေ့ရှိတာကြောင့် သူမဟာ ရဲတွေကို အမှန်အတိုင်းထွက်ဆိုခြင်းမရှိလို့  ဆက်လက်စစ်ဆေးနေကြောင်း၊ တကယ်ပဲ ထိုးနှက်ခံခဲ့ရတာ ဟုတ်မဟုတ် ဒီအန်အေပြန်စစ်မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ 

သေဆုံးသူဟာ နိုင်ငံခြားငွေလဲလှယ်တဲ့အလုပ်ကို လုပ်တယ်ဆိုပေမယ့် အခန်းထဲကအိတ်ထဲမှာ ငွေစက္ကူအတု ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုဆေးတွေပါတွေ့ရှိလို့ သူ့လုပ်ငန်းပေါ်လည်း သံသယရှိကြောင်း၊  သူဟာ ထိုင်းနိုင်ငံကို အကြိမ်ပေါင်း ၅၂ ကြိမ် ဝင်ရောက်လာခဲ့ပြီး ရန်ကုန် - ဘန်ကောက် - ဟနွိုင် (ဗီယက်နမ်) ကို ကူးချီသန်းချီလုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ဖမ်းဝရမ်းထုတ်ထားတဲ့ နိုင်ငံခြားသား ၂ ယောက်ကတော့  ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ပထမဆုံးအကြိမ် ရောက်လာတာဖြစ်ကြောင်း၊ ဒီအမှုမှာ ငွေမည်းနဲ့ဆက်စပ်တဲ့ သံသယဖြစ်ဖွယ်ရာတွေလည်း ရှိတာကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့  ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသွားပါတယ်။ 

Source-ch7.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013