DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ် 
DVB
·
February 16, 2024
စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ် 
Donate to DVB

ပြည်သူ့ စစ်မှုထမ်းဥပဒေကိုသုံးပြီး ပေါ်တာဆွဲတာ၊ ဖမ်းဆီးခံရတာတွေရှိလာရင် မိသားစုဝင်တွေက တိုင်ကြားစာပေးပို့တာကို လက်ခံနိုင်မယ့် ယန္တရားကို စီစဉ်ဆောင်ရွက်နေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက  ပြောပါတယ်။

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ပြီး နောက်တရက်မှာပဲ မြေပြင်မှာ လူငယ်တွေဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဥပဒေကိုဗန်းပြပြီး နိုင်ငံတကာစစ်စည်းကမ်းနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိလာရင် ပြည်သူတွေအနေနဲ့ ကုလသမဂ္ဂမှာဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆီကို အထောက်အထားတွေ အချိန်နဲ့တပြေးညီ တိုက်ရိုက်ပေးပို့တိုင်ကြားနိုင်သလို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေတဆင့် ပေးပို့တိုင်ကြားနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက  "ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တိုင်ကြားစာတွေ လက်ခံရရှိဖို့ ယန္တရားတွေ စီစဉ်နေတဲ့ဟာတွေလည်းရှိတယ်။ ဆိုတော့ ဒီဥပဒေကို ပြည်သူက လေးစားလိုက်နာစရာအကြောင်းလည်းမရှိဘူး၊ လိုက်နာစရာလည်းမလိုဘူး။ IIMM ရဲ့ အခန်းကဏ္ဍကိုလည်း ပြည်သူလူထုအနေနဲ့ တိုက်ရိုက်တိုင်ကြားတာမျိုး လုပ်နိုင်တာရှိသလို ဝန်ကြီးဌာနကနေတဆင့် တခြားသော အရပ်ဘက်အဖွဲ့အစည်းတွေလည်း အများကြီး ရှိတယ်ပေါ့နော်။ ဒါတွေကို မှတ်တမ်းမှတ်ရာ သေချာပြုစုပြီးတော့ အချက်အလက်တွေ စုဆောင်းတဲ့ဟာတွေ အချိန်နဲ့တပြေးညီလုပ်နေတဲ့ဟာရှိတယ်" လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ လွတ်မြောက်နယ်မြေကို မထွက်ခွာရသေးတဲ့ လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကြောင့် စိုးရိမ်တကြီးဖြစ်ခဲ့ရပါတယ်။ 

စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်း ကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာဏာသိမ်းပြီး ကတည်းက စုဆောင်းခဲ့တာပါ။ 

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပါ အသက်ကန့်သတ်ချက်နဲ့ အကျုံးဝင်တဲ့ လူငယ် ၁၃ သန်းလောက် ရှိနေတာကြောင့် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ နိုင်ငံတဝန်းက လူငယ်တွေနဲ့မိသားစုတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ABSDF ခေါင်းဆောင်ဟောင်း ဒေါက်တာနိုင်အောင်က "ကျနော်ထင်တယ် ဒီကိစ္စကြီးက လူငယ်အားလုံးက ကိုယ့်အနာဂတ်ကို ကိုယ်ရွေးချယ်တဲ့ နေရာမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး ဆန့်ကျင်ရမယ့်ကိစ္စလို့ မြင်ပါတယ်။ တကယ် လူမျိုးအားလုံးအတွက် တိုင်းပြည်အတွက် ငြိမ်းချမ်းမှုအတွက် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရရင် စစ်ထဲဝင်ရရင် ဒါ တန်ဖိုးရှိတယ်။ အခုဟာက တန်ဖိုးမရှိတဲ့ စစ်ပွဲကြီးထဲဝင်ပြီး စစ်မှုထမ်းရမယ်ဆိုတာ အဓိပ္ပာယ်ကိုမရှိတဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ပါတယ်လို့ ပြောချင်ပါတယ်"လို့ ပြောပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့မှ ကိုသက်ဆွေဝင်းက "ငါတို့စစ်တပ်ထဲကိုဝင်ရင်ဝင် မဝင်ရင်တော့မင်းတို့က ငါတို့ရဲ့ရန်သူပဲ ဆိုတဲ့ပုံစံမျိုးနဲ့ ပြည်သူကိုလည်း ဘက်ခွဲလိုက်တာ ဖြစ်တယ်။ ပြီးတဲ့အခါကြတော့ သန်းနဲ့ချီတဲ့လူငယ်ထုကြီးရှိကြတယ်။ သန်းနဲ့ချီတာမှ တော်တော်ကိုများတဲ့ သန်းနဲ့ချီတာ၊ ဒီလူတွေအကုန်လုံး စစ်ထဲဝင်နိုင်မှာမဟုတ်ဘူး။ ဒီလူတွေအကုန်လုံးကို စစ်ပညာသင်ပေးဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒီဥပဒေကိုသုံး ပြီးတော့ သူတို့တွေ အောက်ခြေမှာရှိတဲ့စစ်သားတွေ ပြီးတဲ့အခါကြတော့ ဒီကောင်တွေရဲ့ အုပ်ချုပ်ရေးယန္တရားကလူတွေ၊ ဒီလူတွေအတွက်ကို စားပေါက်ရအောင်လို့ သူတို့ဖန်တီးတဲ့ကိစ္စလည်း ဖြစ်တယ်။ တဖက်မှာလည်း လူငယ်တွေကို နည်းပေါင်းစုံနဲ့ ခြိမ်းခြောက်လို့ရတယ်။ အချိန်မရွေးဖမ်းဆီးလို့ရတယ်”လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတကာမှာ ပြဋ္ဌာန်းကျင့်သုံးရတဲ့ရည်ရွယ်ချက်က ပြည်သူအားလုံး စစ်ပညာနဲ့ စစ်ရေးအသိရှိပြီး လိုအပ်ရင် မိခင်နိုင်ငံကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ အာဏာသိမ်းပြီး အခြေမလှချိန်မှာ ပြည်တွင်းစစ်မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ပြည်သူအချင်းချင်း သတ်ဖြတ်မှုတွေဖြစ်လာအောင် ဒီဥပဒေကို တလွဲအသုံးပြုခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ABSDF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရဲဘော်အေးလွင်က "ကမ္ဘာပေါ်မှာလည်း စစ်မှုထမ်းဥပဒေတွေ ပြဋ္ဌာန်းတဲ့နိုင်ငံတွေ အများကြီးရှိတယ်။ ပြဋ္ဌာန်းတဲ့ နိုင်ငံတွေက သူတို့ကို တခြားသောနိုင်ငံတွေက ကျူးကျော်စစ်တွေဖြစ်မှပဲ ဒီဥပဒေအရ ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားမှာ ရှိနေတဲ့လူတွေကို တိုင်းပြည်ကာကွယ်ဖို့အတွက် လုံခြုံဖို့အတွက် ကိုယ့်ရဲ့လူမျိုးတွေကို လူထုတွေကို ကာကွယ်ဖို့အတွက်သုံးတဲ့ ဥပဒေဖြစ်တာပေါ့နော်။ အခုကြတော့ မဟုတ်ဘူး ကျနော်တို့တိုင်းပြည် အချင်းချင်းကြားမှာဖြစ်နေတဲ့ တရားမဝင်စစ်အုပ်စုနဲ့ နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီထူထောင်ချင်တဲ့ တော်လှန်ရေးကြားထဲမှာ ဖြစ်နေတဲ့စစ်ပွဲ။ ဒီလိုမျိုးအသုံးပြုခြင်းအားဖြင့် ကျနော်တို့လူထုတွေကို အချင်းချင်းသတ်ဖြတ်မှုဖြစ်အောင် စစ်ကောင်စီရဲ့ ယုတ်မာတဲ့လုပ်ရပ်တခုဖြစ်တယ်လို့ ဒီလိုပဲ ကျနော်နားလည်တယ်လေ” လို့ ပြောပါတယ်။

လူငယ်တွေနဲ့ မိဘ-မိသားစုတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေယန္တရားလည်ပတ်နိုင်အောင် မြေပြင်မှာ အကူအညီပေးနေတဲ့သူတွေ၊ ကျေးရွာ၊ ရပ်ကွက်အဆင့် စာရင်းကောက်ယူသူတွေအထိ အဆင့်ဆင့် စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူက ပြောဆိုထားပါတယ်။ 

မူလက စစ်ကောင်စီဘက်ကလူတွေ တော်လှန်ရေးဘက်ကို ကူးပြောင်းနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့ ပြည်သူ့ရင်ခွင်အစီအစဉ်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ရှောင်လွှဲမရဘဲ စစ်တပ်ထဲရောက်သွားရင် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးဆက်သွယ်ဖို့ အကြံပြုထားပါတယ်။ စစ်ကောင်စီလက်ထဲကနေ အမြန်ဆုံးပြန်လွတ်မြောက်နိုင်ဖို့ တတ်စွမ်းသရွေ့ အကူအညီပေးမယ်လို့လည်း သူတို့ရဲ့ အကြံပြုစာမှာ ဖော်ပြထားပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013