DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်မှုထမ်းဥပဒေကို သက်ဆိုင်ရာနိုင်ငံများ၌ ပြန်ရှင်းပြရန် သံအမတ်များအား စစ်ခေါင်းဆောင် တိုက်တွန်း
DVB
·
February 15, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေကို သက်ဆိုင်ရာနိုင်ငံများ၌ ပြန်ရှင်းပြရန် သံအမတ်များအား စစ်ခေါင်းဆောင် တိုက်တွန်း
Donate to DVB

သံအမတ်ကြီးတွေနဲ့ သံရုံးယာယီတာဝန်ခံတွေ အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေ နှစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိအောင် လေ့လာကြပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ရှင်းလင်းပြောကြားကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးတွေနဲ့ သံရုံးယာယီတာဝန်ခံတွေကို ဖေဖော်ဝါရီ ၁၄ ရက် မနက်က နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတို့ကို နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းမှာ နိုင်ငံတော်ကာကွယ်ဖို့ တာဝန်ရှိလို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီဥပဒေနဲ့ပတ်သက်လို့ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်တဲ့ အင်အားကိုသာ တာဝန်ထမ်းဆောင်ဖို့ဖြစ်တယ်၊ နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွားမယ်၊ အရန်တပ်ဖွဲ့ဥပဒေနဲ့ ပတ်သက်လို့လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမယ်လို့ မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမယ်၊ ဒီဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြင့်လာစေမယ်လို့ ဆိုပါတယ်။

သံအမတ်ကြီးတွေနဲ့ သံရုံးယာယီတာဝန်ခံတွေအနေနဲ့ ဒီဥပဒေနှစ်ရပ်ရဲ့ အဓိပ္ပာယ်ကို ခြေခြေမြစ်မြစ် သိရှိအောင် လေ့လာကြဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ရောက်ရှိပါက ဥပဒေ အသက်သွင်းရတာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားနိုင်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်းပြောသွားပါတယ်။

ဒါ့အပြင် သံရုံးတွေအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တတ်နိုင်သရွေ့ ဖြေရှင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိကြောင်းနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိစေရေးအတွက် သံတမန်ဝန်ထမ်းတွေအနေနဲ့ ဆောင်ရွက်ပေးဖို့နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေသူတွေကို ပြန်လည်လက်ခံနိုင်ရေးအတွက်လည်း သတ်မှတ်အချက်တွေနဲ့ ကိုက်ညီပါက ပြန်လည်လက်ခံဖို့ အသင့်ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေဟာ နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့အကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ထုတ်ခဲ့သလို အရန်တပ်ဖွဲ့ဥပဒေကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တရားဝင်မှု အလျဉ်းမရှိသလို ပြည်သူလူထုတွေ အနေနဲ့လည်း လုံးဝ လိုက်နာစရာ မလိုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013