DVB Logo
Home
မြန်မာသတင်း
လူမျိုးရေးခွဲခြား အမုန်းစကား စစ်ကောင်စီဖြန့်ဝေနေသည့်အပေါ်  ပြည်သူများ စိတ်မဝင်စား
DVB
·
February 14, 2024
လူမျိုးရေးခွဲခြား အမုန်းစကား စစ်ကောင်စီဖြန့်ဝေနေသည့်အပေါ်  ပြည်သူများ စိတ်မဝင်စား
Donate to DVB

ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားတွေကို စစ်တပ်ထောက်ခံသူတွေနဲ့ လူမျိုးရေး အစွန်းရောက်တွေက လှုံ့ဆော်ဖြန့်ဖြူးနေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

မြို့ကြီးတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ)ကို လူမျိုးရေးခွဲခြားမှုပါဝင်တဲ့ စာရွက်တွေကို ရခိုင်အစားအစာဆိုင်တွေနဲ့ နေရာတော်တော်များများမှာ ဖြန့်ဝေနေတာကို တွေ့မြင်နေရပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်ထဲ အေအေကို စစ်ရှုံးလာတာနဲ့အတူ တဖက်မြို့ပြကြီး တွေမှာ အခုလို လူမျိုးရေး အမုန်းတရားတွေဖြန့် ဝေနေတာဖြစ်ပါတယ်၊ 

အခုလို ဖြန့်ဝေနေမှုတွေက မြို့ပြမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် စိတ်ပူစရာဖြစ်နေပေမဲ့ ဒီလုပ်ဆောင်ချက်တွေက စစ်တပ်ထောက်ခံသူ လူမျိုးရေးအစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုဖြစ်တာ နားလည်ကြောင်းကို ရန်ကုန်မြို့မှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတယောက်က ပြောပါတယ်။

“ရခိုင်မှာ စကစက စစ်ရှုံးနေပြီးနောက်မှာတော့  တနေ့နေ့ တချိန်ချိန်ကျရင်တော့ ဒီလိုမျိုး လူမျိုးရေးပြဿနာတွေ ဖန်တီးမယ်ဆိုတာတော့ နားတော့နားလည်တယ်ပေါ့၊ မဟုတ်မမှန်တဲ့ဟာဆိုတာ သိတယ်။ ဒါပေမဲ့လည်း ၂၀၂၀ မတိုင်ခင်တုန်းက ရခိုင်နဲ့ ဗမာကြားထဲမှာ အမုန်းတရားတွေ အငြိုးအတေးတွေလည်း ရှိထားတော့ အဖုအထစ်တွေ ရှိထားတာတွေလည်း ရှိခဲ့တော့ နည်းနည်းတော့စိုးရိမ်မှုဖြစ်တာပေါ့။ ဒီအခု ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အကုန်လုံးက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကာလဆိုတော့ အကုန်လုံးက ဗမာနဲ့ စစ်အာဏာရှင်နဲ့ ခွဲခြားပြီး မြင်လာတဲ့အခါကျတော့ အမျိုးသားရေး အစွန်းရောက်တွေက လှုံ့ဆော်တယ်ဆိုတာကို နှစ်ဖက် အသိုင်းအဝိုင်းကလည်း နားလည်တယ်၊ ရခိုင်ရော ဗမာရော တခြားတိုင်းရင်းသားတွေလည်း နားလည်ကြပါတယ်။”

တိုင်းရင်းသားလူမျိုးရေးကို ရန်တိုက်လှုံ့ဆော်တာတွေက သတင်းအမှောင်ချထားတဲ့ ခေတ်တွေမှာသာ အသုံးဝင်မှာဖြစ်ပြီး အခုချိန်မှာ ဘုံရန်သူကို အတူတကွ တိုက်ခိုက်နေရတာဖြစ်လို့ လူထုအနေနဲ့က နားလည်သဘောပေါက်နားလည်တယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

“အရင်တုန်းကတော့ ကျနော်တို့တွေ သတင်းအမှောင်ချခံရမှုအပေါ်မှာ မူတည်ပြီး ကျနော်တို့တွေ သဘောထားတွေ ကွဲလွဲခဲ့ကြပေမဲ့ အခုအခြေအနေမှာ သူတို့ဘက်က ဘယ်လိုပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လိုပဲ မုန်းတီးရေးဝါဒတွေဘယ်လိုပဲ ဖြန့်ဖြန့် ကျနော်တို့ရဲ့ ဘုံရန်သူဟာ စကစပဲ၊ ကျ‌နော်တို့ဟာ ဒီမိုကရေစီ ရရှိဖို့ရာအတွက် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျနော်တို့ အမြင်မှားလို့မရဘူး အထင်မှားလို့မရဘူးဆိုတာကို အခုခေတ်ပြည်သူလုထုအကုန် လူတော်တော်များများကလည်း သဘောပေါက် နားလည်ပြီဆိုတဲ့ ကိစ္စကိုလည်း ကျနော် ယုံကြည်ပါတယ်။”

နေရာတော်တော်များများမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက လူသားဒိုင်းနဲ့ စစ်တပ်ကို အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပါသေးတယ်။

ဒီဥပဒေအတည်ပြုတာကိုလည်း စစ်တပ်ထောက်ခံသူ လူမျိုးရေးအစွန်းရောက်တွေက ထောက်ခံကြောင်း ဆန္ဒပြမှုတွေကို မန္တလေးမြို့အပါအဝင် မြို့ ၅ ခုမှာ တပြိုင်တည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

လူမျိုးရေးခွဲခြားမှု အမုန်းစကားတွေ ဖြန့်ဝေတာနဲ့ စစ်မှုထမ်းဥပဒေကို ထောက်ခံတာက မန္တလေးမြို့နေ ပြည်သူတွေရဲ့ သဘောထားမဟုတ်ကြောင်းကို မြို့ခံတစ်ယောက်က ငြင်းဆိုပါတယ်။

“ပြောရမယ်ဆို မန္တလေးက သူတွေကသူတို့ကို အဖက်တောင်မလုပ်ပါဘူး။ သူတို့ဘာသာ သူတို့ လုပ်ကြတာပေါ့ ဘာတွေ အော်သွားမှန်း သိတောင်မသိဘူး။ ကျနော်တို့ဆို ဘယ်နားမှာ လုပ်သွားမှန်းတောင် မသိဘူး။ ပြီးတော့အဲဒီ ဝါဒဖြန့် စာရွက်တွေ လိုက်ကပ်နေတဲ့ စာရွက်တွေပေါ်မှာ ပါတဲ့သဘောထားတွေက မန္တလေးပြည်သူတွေရဲ့ သဘောထား လုံးဝ မဟုတ်ပါဘူး။ မန္တလေးက လူတွေကတော့ သူတို့လုပ်တဲ့အပေါ်မှာ ဘာမှ စိတ်ဝင်စားမှု မရှိဘူး။ စိုးရိမ်နေတာ လူငယ်အများစုက စစ်မှုမထမ်းမနေရရနဲ့ ပေါ်တာဆွဲမှာတွေကိုပဲ အတော်စိုးရိမ်နေကြတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာ အေအေက ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စတဲ့  မြို့တွေကို သိမ်းပိုက်ထားပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013