DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့၌  လူငယ်များ ဆက်တိုက်ဖမ်းဆီးခံနေရသဖြင့် ဒေသခံများ စိုးရိမ်
DVB
·
February 14, 2024
မြိတ်မြို့၌  လူငယ်များ ဆက်တိုက်ဖမ်းဆီးခံနေရသဖြင့် ဒေသခံများ စိုးရိမ်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အရပ်သားပြည်သူတွေ ဖမ်းဆီးခံရတဲ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာတဲ့အတွက် ညဘက်အချိန်တွေမှာ အပြင်ကို သွားလာသူတွေ နည်းပါးလာတယ်လို့ မြိတ်မြို့ခံပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီကနေ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးတဲ့နောက် မြိတ်မြို့ခံပြည်သူတွေကြားမှာ မကြာခဏဆိုသလို အရပ်သားပြည်သူတွေ ဖမ်းဆီးခံနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့လာတဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

မြို့ခံပြည်သူတဦးက “အခု ဘိတ်ကလူတွေ တအားလန့်နေကြတယ်။ ညဘက် ၇ နာရီ ဝန်းကျင်‌လောက်ဆို လမ်းမှာ လူမရှိတော့ဘူး။ တချို့က ဒီလိုမျိုး ဖမ်းဆီးတဲ့အသံတွေကြောင့် အပြင်မထွက်ရဲကြတာ။ တချို့ကလည်း သားသမီးတွေကို စိတ်ပူပြီး အပြင် မထွက်ခိုင်းကြတော့ဘူး။ ဖမ်းဆီးတဲ့သတင်းတွေက အတိအကျလည်းမရှိဘူး။ ကိုယ့်မိသားစုထဲ မဖြစ်သေးလို့ ကိုယ်ပဲမသိရတာလား။ သတင်းကြားလို့ လိုက်ရှာလည်း ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ဘူး။ ထွက်လာတဲ့သတင်းတွေက ကောလာဟလ ပုံစံမျိုးတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရာမှာလည်း အသက် ၃၀ အောက်အရွယ် လူငယ်တွေကို အဓိက ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေအပြင် တချို့ကို ငွေပေးပြီးမှ ပြန်ထုတ်ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် လူငယ်အများစုမှာ ကြောက်ရွံ့လာကြကာ ညဘက်အချိန် လူစည်ကားတဲ့ နေရာတွေမှာတောင် အခုဆို အသွားအလာ မရှိသလောက် နည်းပါးသွားပြီလို့ မြိုခံလူငယ်တဦးက ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် လူငယ်တဦးက အမိန့်ထုတ်တဲ့နေ့ ညမှာဆို မြို့သစ်ဘက်မှာ ၅ ယောက်ဖမ်းမိတယ်လို့ ပြောတယ်။

“မျက်မြင်သက်သေလည်း မရှိသလို လူတယောက်ပြောတဲ့စကားကို ကြားတဲ့ ကောလာဟလပုံစံမျိုး ဖြစ်နေတယ်။ နေရာတိုင်းမှာ ဖမ်းခံနေရမျိုး ဖြစ်နေတယ်။ ပုံမှန်ဆို မြိတ်ကမ်းနားလမ်းက ၆ နာရီမဟုတ်ရင် ၇ နာရီလောက်ဆို အရမ်းစည်ကားတာပေါ့ဗျာ။ မနေ့တုန်းက ကမ်းနာလမ်းက စားသောက်ဆိုင်တွေမှာတောင် လူတွေမရှိသလောက်ပဲ။ လမ်းသွားလမ်းလာ တအားနည်းသွားတယ်။ ဆိုင်တွေမှာလည်း လူအဝင်အထွက် မရှိသလောက် ဖြစ်နေတယ်။”

အရင် နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစတင်ပြီး အာဏာတည်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013