ရုရှားနိုင်ငံ၊ ဒါဂက်စ်တန်ဒေသမှာ မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုတွေကြောင့် လူ ၆ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး ၃ ယောက် ပါဝင်တယ်လို့ ဒေသခေါင်းဆောင် ဆာဂျီမယ်လီကို့ဗ်က သမ္မတပူတင်နဲ့ တွေ့ဆုံချိန် ဧပြီ ၇ ရက်မှာ ပြောပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ခြေနဲ့ ကိုယ်ပိုင်အိမ်ပေါင်း ၂,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။
မတ် ၃၀ ရက် တရက်တည်းမှာတင် ၃ လစာရှိတဲ့ မိုးရေချိန်လောက် ရွာချခဲ့တာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ရာသီဥတုကြောင့် ဧပြီ ၅ ရက်မှာ ဂျဒ်ဇုခ် ရေလှောင်တမံရဲ့ မြေသားတမံ ကျိုးပေါက်ခဲ့ပြီး ရေကြီးရေလျှံခဲ့လို့ ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ ပူတင်က ပြောပါတယ်။
ဒေသတဝန်း အခြေခံအဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ ပျက်စီးခဲ့ကာ လျှပ်စစ်မီးလည်း ပြတ်တောက်သွားပြီး လူပေါင်း ၃၂၇,၀၀၀ ကျော် မီးမရရှိခဲ့ဘူး။
မြေပြိုမှုနဲ့ ရွှံ့နွံရေတွေ စီးဆင်းမှု အန္တရာယ်ကြောင့် ကားလမ်းမတချို့နဲ့ ရထားလိုင်းတချို့ကို ပိတ်ထားရပါတယ်။
ဒါဟာ ၁၈၈၂ ခုနှစ် မှတ်တမ်းတင်ချိန်ကတည်းက အဆိုးရွားဆုံး စံချိန်တင်မှုပဲလို့ သမ္မတ ပူတင်က ပြောပါတယ်။
ဒါဂက်စတန် ဒေသအကြီးအကဲ ဆာဂျီမယ်လီကို့ဗ်ရဲ့ ပြောကြားချက်အရ မြို့နယ် ၁၁ ခုက လူပေါင်း ၁ သန်းခွဲ နီးပါး ဘေးဒဏ်သင့်ခဲ့ပြီး လူပေါင်း ၆,၂၂၉ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒါဂက်စတန်ဒေသမှာ မတ် ၂၈ ရက်ကတည်းက အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရတာဖြစ်ပြီး လက်ရှိမှာလည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။
Source: Reuters











