DVB Logo
Home
မြန်မာသတင်း
ပါတီများနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအင်အား တိုးမြှင့်စေမည်ဟု ပြော 
DVB
·
February 14, 2024
ပါတီများနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအင်အား တိုးမြှင့်စေမည်ဟု ပြော 
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမှာဖြစ်ကြောင်းနဲ့ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့် လျောက်ပတ်တဲ့ အင်အားသာ စစ်မှု တာဝန်ထမ်းဆောင်ဖို့ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ အရင်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ကြောင်း၊ ဒီဥပဒေနဲ့ ပတ်သက်လို့ တွက်ချက် ချင့်ချိန် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့် လျောက်ပတ်တဲ့ အင်အားသာ တာဝန်ထမ်းဆောင်ဖို့ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာတဲ့ အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင် ထုတ်ပြန်မှာ ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းတွေအနေနဲ့ နိုင်ငံတော် ကာကွယ်ရေး အင်အားမှာ ပြန်လည်ထမ်းဆောင်ဖို့ တောင်းဆိုမှုများပြားလာလို့  ဆောင်ရွက်ရတာဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ် ယူမယ်လို့ မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံရေးပါတီတွေအတွက် လိုအပ်တာကို နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးမှာ ဖြစ်ပေမဲ့ ပါတီတွေအနေနဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ် ဆောင်ရွက်ကြဖို့လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ် ခံယူကာ ပါတီတွေ ဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင် တောင်းဆိုတာကို လုံးဝ လက်မခံကြောင်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး  သဘောတူညီမှု ရထားပြီး ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို  လွှတ်တော်လမ်းကြောင်းပေါ်ကနေ ပြင်ဆင်သွားမယ်၊  လွတ်လပ် တရားမျှတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေး တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနဲ့ စစ်ကောင်စီဝန်ကြီးတွေ တက်ရောက်ပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ  ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌတွေနဲ့  တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

စစ်ခေါင်းဆောင်ဟာ ဇန်နဝါရီ ပထမပတ်တုန်းကလည်း  နိုင်ငံရေးပါတီ တာဝန်ရှိသူတွေကို နေပြည်တော်မှာ ပထမအကြိမ် ခေါ်ယူတွေ့ဆုံပြီးနောက် အခု ဒုတိယကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013