DVB Logo
Home
မြန်မာသတင်း
နိုင်ငံအတွက်အဘက်ဘက်မှ အန္တရာယ်ကြီးမား၊ အလွန်အရေးကြီးနေပြီဟု စစ်ခေါင်းဆောင်ပြော
DVB
·
February 12, 2024
နိုင်ငံအတွက်အဘက်ဘက်မှ အန္တရာယ်ကြီးမား၊ အလွန်အရေးကြီးနေပြီဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

လက်ရှိကာလမှာ ဆူပူအကြမ်းဖက်မှုမျိုးစုံနဲ့ တိုက်ပွဲတွေဖော်ဆောင်နေကြကြောင်းနဲ့ ရေရှည်မှာ နိုင်ငံတော်အတွက် အဘက်ဘက်မှ အန္တရာယ်ကြီးမားလှတာကို အားလုံးက သတိတရားနဲ့ ထိန်းသိမ်းကာကွယ်ကြဖို့ အလွန်အရေးကြီးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာကျရောက်တဲ့ ၇၇ နစ်မြောက်   ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက ပြောကြားလိုက်တာပါ။

စစ်ခေါင်းဆောင်က “လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများသည် မိမိတို့နိုင်ငံအကျိုးကို မလိုလားသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှု မျိုးစုံနှင့် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေကြပါသည်။ ထိုကဲ့သို့ မတည်ငြိမ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရကြခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာပြီး ဒေသခံတိုင်းရင်းသားပြည်သူများမှာ ဆင်းရဲဒုက္ခများစွာ ခံစားနေကြရပါသည်။ ရေရှည်တွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ အန္တရာယ်ကြီးမားလှသည်ကို အားလုံးက သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ကြရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း အသိပေးမှာကြားလိုပါသည်”လို့ သဝဏ်လွှာမှာ ပြောပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေဖို့  နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

ပြည်ထောင်စုကြီးတခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းတည်ဆောက်ကာ ဆောင်ရွက်ကြရမယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက ဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု စနစ်မှာ တိုင်းရင်းသားအဖွဲ့တချို့ တောင်းဆိုနေတဲ့အချက်တွေ အားလုံးပါဝင်ပြီး ဖြစ်ကြောင်း ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးလုပ်ငန်းစဉ် သုံးရပ်အဖြစ် အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတော်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားခြင်းဖြစ်လို့ အထိခိုက်ခံမှာ မဟုတ်ဘူးလို့လို့ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လက်မခံဘဲ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်သွားဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောထား ကြပါတယ်။ 

စစ်တပ် အာဏာတည်မြဲရေးအတွက် စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာလည်း ဒီမိုကရေစီနည်းမကျသလို  ပြည်ထောင်စုစနစ်မဟုတ်ဘဲ ဗဟိုကချုပ်ကိုင်ထားတဲ့ တပြည်ထောင်စနစ်သာ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောနေကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအတွင်း နေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေက ဘုံသဘောထားရပ်တည်ချက် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013