DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် အဖမ်းအဆီးများကြောင့် နေစရာမရှိသည့် မြန်မာများကို ကူညီပေးမှု ခေတ္တရပ်နား
DVB
·
February 7, 2024
မလေးရှားတွင် အဖမ်းအဆီးများကြောင့် နေစရာမရှိသည့် မြန်မာများကို ကူညီပေးမှု ခေတ္တရပ်နား
Donate to DVB

မလေးရှားနိုင်ငံတွင် အဖမ်းအဆီးများပြားနေတဲ့အတွက် နေစရာမရှိတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးမှုကို ပရဟိတအသင်းအချို့က ယာယီရပ်နားထားတယ်လို့ နှလုံးလှ ပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့ကနေ သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း နိုင်ငံခြားသားကင်းစင်ရေးစီမံချက်နဲ့ မလေးရဲတပ်ဖွဲ့နဲ့ လဝကက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေကို ဒီဇင်ဘာလထဲက ဒီနေ့အချိန်ထိ ဆက်တိုက်ဖမ်းဆီးနေပါတယ်။

နှလုံးလှ ပရဟိတလူငယ်များသွေးအလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က “အရင်ကွာလာလမ်ပူမှာ အော်ပရာစီဝင်တဲ့ထဲမှာ ကျနော် ခေါ်ထားတဲ့ ရုံးက ကောင်လေး ၁၁ ယောက် ပါသွားတယ်။ နောက်ပိုင်း မြန်မာဆိုင်တွေကို စည်ပင်သာယာ၊ ရဲနဲ့ လဝကတို့က တပတ် တခါ၊ သုံးရက် တခါလောက် ဝင်စစ်နေတာ။ အဲဒီတော့ နောက်ထပ် ကယ်ထားရင် နောက်ထပ်သူတွေပါ ပါသွားမှာစိုးရိမ်လို့ ခဏရပ်လိုက်တဲ့ သဘောပါပဲ။ တော်တော်များများ အဲဒါကြောင့် နားထားတာပါ” လို့ ပြောပါတယ်။

နေစရာကူညီမှုကို ခေတ္တရပ်ထားပေမယ့် စားစရာ လိုအပ်ချက်ရှိသူတွေကိုတော့ မလေးရှားရဲ့ ဘယ်နေရာမဆို အရောက်ပို့သွားမယ်လို့ သူက ဆက်ပြောပါတယ်။

မလေးရှားမှာ အဖမ်းအဆီးတွေ များနေတာကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်မခန့်ရဲတော့အတွက် အလုပ်အကိုင် ရှား‌ပါးနေတယ်လို့ မလေးရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

“အထောက်အထားစာရွက်မရှိရင် ဘယ်သူမှ အလုပ်မခန့်ချင်ဘူး။ အဲဒါကြောင့် ဒီက မြန်မာတွေတောင် အလုပ်တွေ ရှားနေကြတာ။ ထပ်တက်လာမယ့်သူတွေလည်း အထောက်အထား မပါရင် မတက်လာစေချင်တော့ပါဘူး။ ဖမ်းခံရရင် ထောင်ကျပြီး မြန်မာပြည် ပြန်ပို့ပဲ။ မလေးမှာက မြန်မာတွေကို ကူညီပေးမယ့်အဖွဲ့ ဆိုပြီး သီးသန့်မရှိတော့ ပိုဆိုးတယ်။” 

မလေးရှားမှာ အော်ပရာစီ စစ်ဆင်ရေး စတဲ့ ဒီဇင်ဘာကစပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရောက် မြန်မာတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013