Home
မြန်မာသတင်း
ဝက်လက်မြို့နယ် ရွာသာကြီး စစ်ကောင်စီစခန်း ဗုံးကြဲခံရ၊ ဖားကန့်တွင် တိုက်ပွဲဖြစ်
DVB
·
February 6, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို ဖေဖော်ဝါရီ ၅ ရက်  မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံတယ်လို့ Ngwe Dwin Revolution Force အဖွဲ့ တာဝန်ရှိသူ ကိုစစ်နိုင်က ပြောပါတယ်။

“ကျနော်တို့ ရွာသာကြီးရွာက စစ်ကောင်စီ ခွေးစခန်းကို Federal Wings နည်းပညာ ဒရုန်းယာဉ်နဲ့ ဗုံးသီး ၂ လုံး၊ နောက်ပြီး မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး ၁ လုံး၊ စုစုပေါင်း ဗုံးသီး ၃ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။ သူတို့ စခန်း ဘန်ကာ လုပ်နေတယ်လို့ ကြိုတင်သတင်းရတာနဲ့ သွားချခဲ့တာပါ။ စစ်ကောင်စီဘက်က သေဆုံးမှုတော့ ရှိနိုင်တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး။” 

ဗုံးသီးချခံရပြီးနောက် စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့‌  ဒေသခံရွာသားတဦးက ပြောပါတယ်။ 

“ကောင်းကင်ကနေ ဗုံးလာအကြဲခံရတော့ ကျနော်တို့က စစ်ကောင်စီ အထိုင်စခန်းအနီးမှာ ရှိတယ်။ ပထမကတော့  ပေါက်ကွဲသံကြားရပြီး စစ်ကောင်စီဘက်က ရမ်းသန်းပစ်တာ ထင်‌နေတာ။ နောက်ပိုင်း စစ်သားတွေက ဒရုန်းနဲ့ ဗုံးကြဲတာလို့ အော်တဲ့အသံတွေကြားမှ ဒရုန်းယာဉ်နဲ့ ဗုံးသီးချတယ်ဆိုတာ သိရတာ။ ဒုတိယ ကြဲချတော့ စစ်ကောင်စီဘက်က စစ်သား ၃ ဦးလောက် နေရာတင် လဲကျသွားတာကို မြင်လိုက်ရတယ်။ သေသလား၊ ရှင်သလားတော့ နောက်ပိုင်း သေချာမသိတော့ဘူး။ ကျနော်တို့လည်း ကြောက်ပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်။” 

အခု တိုက်ခိုက်တာကို ကျားညီနောင် Tiger brother၊Ngwe Dwin Revolution Force ၊ Buffalo Soldiers Freedom Force ၊ Northern Tigers Group (NTG)၊ ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Farmer Heroes (Khin U)၊ Magic Dragon တွေ့မရှောင်အဖွဲ့နဲ့ ရွာသာကြီးတိုက်နယ် ပကဖ အင်အားစုတွေ အတူတကွ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးမှာလည်း ဖေဖော်ဝါရီ ၅ ရက် ညနေက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “စစ်တပ်က စစ်ကြောင်းထိုးလာတာ။ ကျောက်ဖျာကျေးရွာနားမှာ KIA က စောင့်ပြီးတိုက်တယ်။ တိုက်ပွဲဖြစ်နေတုန်း ဖားကန့် တပ်မကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ အချက်ရေမနည်းဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ နေထိုင်ရာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

“ညနေ ၄ နာရီလောက်က ဖားကန့် တပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်နေတာ။ လုံးခင်း ကျောက်စိမ်းရုံး လက်နက်ကြီးကျည် ၄ လုံးကျတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း ဖားကန့်မြို့နယ် နန့်တိန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024