DVB Logo
Home
မြန်မာသတင်း
အသံတိတ်သပိတ် ပါဝင်သည့် အင်းစိန် GTI ကျောင်းသားများကို စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက်
DVB
·
February 5, 2024
အသံတိတ်သပိတ် ပါဝင်သည့် အင်းစိန် GTI ကျောင်းသားများကို စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက်
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI)က ကျောင်းသားတွေကို အသံတိတ်သပိတ်မှာပါဝင်ဖို့ လှုံ့ဆော်ခဲ့တယ်ဆိုပြီး  စစ်ကောင်စီတပ်က ကျောင်းရှေ့ခေါ်ကာ ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောင်းသားတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက် ည ၇ နာရီလောက်မှာ အပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့ အဆောင်နေ ကျောင်းသားတွေကို စစ်တပ်က ခေါ်ယူရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာရပြီး ကျောင်းပြန်မတက်နိုင်တဲ့ ကျောင်းသားတွေလည်း ရှိနေတယ်လို့ ဖြစ်စဉ်ကို ကြုံတွေ့ခဲ့တဲ့ မျက်မြင်ကျောင်းသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဟိုင်းလက်ကား ၄ စီးနဲ့ စကစ အင်အား ၂၀ လောက်က ရောက်လာတယ်။ ရောက်လာပြီးတဲ့အခါ ဖမ်းဆီးတယ်၊ ရိုက်နှက်ပြီးတော့ မေးမြန်းတာတွေလုပ်တယ်။ စစ်ဖိနပ်တွေနဲ့ကန်တယ်၊ သေနတ်ဒင်တွေနဲ့ ရိုက်နှက်တာတွေ တောက်လျှောက်လုပ်တယ်ဗျ။ ထူးခြားတာကလည်း အဲဒီ အရိုက်ခံရတဲ့ ကျောင်းသားတွေ အကုန်လုံးကလည်း သပိတ်မှာ ပါဝင်ဖို့ လှုံ့ဆော်ခဲ့တဲ့ ကျောင်းသားတွေပဲ။ ကိုယ်တိုင်လည်း ကျောင်းမတက်ခဲ့ကြတဲ့ ကျောင်းသားတွေပဲဖြစ်တယ်။ လက်ရှိ နောက်ဆုံးအနေအထားကတော့ ဒဏ်ရာရတဲ့ ကျောင်းသားတွေ ရှိတယ်ဗျ။ တချို့တွေဆိုရင် မျက်လုံးမဖွင့်နိုင်တာမျိုးတွေ၊ တချို့တွေဆိုရင် ဗိုက်ကို အကန်ခံရလို့ လမ်းကောင်းကောင်းမလျှောက်နိုင်တာမျိုးတွေ ရှိတယ်။ ပြီးတော့ အခုချိန်ထိ ကျောင်းမတက်နိုင်တဲ့ ကျောင်းသားတွေ ရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က တိုင်းရင်းသား ကျောင်းသားတွေကိုလည်း လူမျိုးရေးခွဲခြား ပြောဆိုတာနဲ့ ဆဲဆိုတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသံတိတ်သပိတ်မှာ ပါဝင်ဖို့ လှုံ့ဆော်တာကို ကျောင်းရဲ့ သက်ဆိုင်ရာ ဂရုချက်တွေမှာ ပြောဆိုတာတွေက စစ်တပ်တယ်လီဂရမ်ချန်နယ်မှာ ပေါက်ကြားပြီးနောက် အခုလို ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျောင်းသား ၇ ယောက်လောက်ကို ရိုက်နှက်ကာ စစ်ကားတွေပေါ် တင်ခေါ်ပြီး စစ်ဆေးမေးမြန်းပြီးတာနဲ့ အထက်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းတွေပြန်တက်နေ‌ပေမဲ့ ကျောင်းသားတွေက အသံတိတ်သပိတ်ကို စိတ်ဝင်တစား ရှိတာကို ကျေးဇူးတင်ကြောင်းနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ကျောင်းသားစိတ်တွေ ပိုမိုနိုးကြားလာစေတယ်လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းညီညီက ပြောပါတယ်။

“မလွှဲမရှောင်သာလို့ ကျောင်းပြန်တက်နေရတဲ့ ကျောင်းသားထုလည်း ရှိတယ်ပေါ့။ အဲဒီကျောင်းသားထုတွေက ဒီအာဏာသိမ်း ၃ နှစ်ပြည့်မှာ အသံတိတ်သပိတ်ကို ပါဝင်ကြဖို့ကို သူတို့ဂရုချက်တွေမှာ စည်းရုံးပြီးတော့ ကျောင်းမတက်ကြဖို့ စည်းရုံးကြတယ်၊ လှုံ့ဆော်ကြတယ်ပေါ့။ အဲကနေ အောင်မြင်သွားပြီးတော့မှ ဒီကျောင်းသားတွေကို ကျောင်းရှေ့ခေါ်ပြီး နှိပ်စက်တာပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေက ကျောင်းသားစိတ်ဓာတ် ရှိကြတယ်။ ဒီစစ်အာဏာရှင်စနစ်အောက်မှာပဲ ဒီကျောင်းသားတွေက တချိန်က ကျောင်းသားသမဂ္ဂတွေ ပေါ်လာပြီးတော့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်ခဲ့ကြတယ်ပေါ့။ အခုလို ဖိနှိပ်မှုတွေကြောင့်ပဲ ကျောင်းသားတွေက ကျောင်းသားစိတ်ဓာတ်တွေ ပိုမိုနိုးကြားလာလိမ့်မယ်။ အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ ပိုပြီး စိတ်အားထက်သန်လာကြလိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။”

ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျောင်းရှေ့မှာ ဖြစ်သွားပေမဲ့ ကျောင်းရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဝင်ရောက်တားမြစ်တာ၊ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

အင်းစိန် GTI ကျောင်းမှာ ဒုတိယနှစ်နဲ့ တတိယနှစ် ကျောင်းသားအနည်းငယ်သာ တက်ရောက်နေတာဖြစ်ပြီး အာဏာမသိမ်းခင်ကနဲ့ယှဉ်ရင် ၃၀ ရာခိုင်နှုန်းလောက်ကသာ ကျောင်းပြန်တက်နေကြတယ်လို့ ဆိုပါတယ်။

ဝင်ခွင့်အမှတ်တွေ လျှော့ချထားတဲ့အတွက်ကြောင့်သာ ပထမနှစ်တက်ရောက်တဲ့ ကျောင်းသားအများစုကတော့ ကျောင်းတက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013