DVB Logo
Home
နိုင်ငံတကာ
အာဏာရှင် အယ်လ်ဆာဗေးဒိုးသမ္မတ ရွေးကောက်ပွဲ ထပ်နိုင်
DVB
·
February 5, 2024
အာဏာရှင် အယ်လ်ဆာဗေးဒိုးသမ္မတ ရွေးကောက်ပွဲ ထပ်နိုင်
Donate to DVB

ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အလန်းဆုံး အာဏာရှင်လို့ သမုတ်တဲ့ အယ်လ်ဆာဗေးဒိုးသမ္မတ နာယစ်ဘ် ဘူကီလီဟာ သမ္မတရွေးကောက်ပွဲမှာ မဲ ၈၅ ရာခိုင်နှုန်းကျော်ရပြီး အပြတ်အသတ် အနိုင်ရတယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သူ့ဘာသာသူပဲ ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာချက်တော့ မထုတ်ပြန်ရသေးပါဘူး။ ဘူကီလီရဲ့  နယူးအိုင်ဒီယာပါတီကလည်း အမတ်နေရာ ၆၀ နေရာရှိတဲ့ အထဲမှာ ၅၈ နေရာ အနည်းဆုံး နိုင်တယ်လို့လည်း ဘူကီလီက ပြောပါတယ်။

“ကမ္ဘာ့ဒီမိုကရက်တစ်သမိုင်းတခုလုံးမှာ လုံးဝစံချိန်တင်ပါပဲ။ ည ၉ နာရီကျရင် အမျိုးသားနန်းတော်ရှေ့မှာတွေ့ကြမယ်” လို့ ဘူကီလီက လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။

အသက် ၄၂ နှစ်ပဲရှိသေးတဲ့ ဘူကီလီဟာ အယ်လ်ဆားဗေးဒိုးသမိုင်းမှာ ပထမဆုံးအကြိမ် ဒုတိယသက်တမ်း တင်မြှောက်ခံရတဲ့ သမ္မတလည်း ဖြစ်လာမှာဖြစ်ပါတယ်။

သူ့လက်ထက်မှာ လူဦးရေ ၆ ဒသမ ၃ သန်းရှိတဲ့ ဗဟိုအမေရိကနိုင်ငံမှာ  လူ ၇၅,၀၀၀ လောက်ကို စွဲချက်မတင်ဘဲ ထိန်းသိမ်းတာ၊ အရပ်ဘက်လွတ်လပ်ခွင့်တွေ ရပ်ဆိုင်းပြစ်တာတွေဟာ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ တချိန်က ကမ္ဘာမှာ အန္တရာယ်အများဆုံးနိုင်ငံမှာ လူသတ်မှုတွေ လုံးဝ ထိုးဆင်းသွားတဲ့အတွက် လူထုက သူ့ကို သဘောကျကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ကို အစုလိုက်ဖမ်းထားတာဟာ ရေရှည်မှာ အဆင်မပြေလောက်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အခြေခံဥပဒေအရ သမ္မတတယောက်ဟာ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခွင့်မရှိပေမဲ့ သူပြိုင်ခွင့်ရအောင် ရွေးကောက်ပွဲခုံရုံးက ခွင့်ပြုပေးခဲ့ရပါတယ်။

သူကိုယ်တိုင်က ကမ္ဘာမှာ အလန်းဆုံးအာဏာရှင်လို့ ကြေညာထားတဲ့ ဘူကီလီဟာ စစ်သားတွေခြံရံပြီး လွှတ်တော်ထဲဝင်လာကာ သူပြဋ္ဌာန်းစေချင်တဲ့ ဥပဒေ အတည်ပြုအောင် ဖိအားပေးတာ၊ သူ့ကိုဝေဖန်တဲ့ သတင်းမီဒီယာတွေကို တိုက်ခိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။

ဘူကီလီဟာ ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် ကြေညာခဲ့မှုကြောင့် ကမ္ဘာမှာပါ လူသိများလာခဲ့ပါတယ်။

ဘူကီလီလက်ထက်မှာ အလွန်အမင်း ဆင်းရဲမွဲတေမှု နှစ်ဆတိုးလာတာ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာတွေကို ရင်ဆိုင်နေရပါတယ်။

မီးတောင်တခုက ဘူမိအပူစွမ်းအင်နဲ့ ဓာတ်အားပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်ရ ခရစ်ပတို ငွေကြေးရပ်ဝန်းဖြစ်တဲ့ ဘစ်ကွိုင်စီးတီးကို ဖန်တီးခဲ့ပေမဲ့လည်း ထင်သလောက် အရှိန်အဟုန် မရခဲ့ပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013