DVB Logo
Home
Lead Story
ထမင်းသိုး ဟင်းသိုး စစ်မိစ္ဆာမျိုး
DVB
·
February 3, 2024
ထမင်းသိုး ဟင်းသိုး စစ်မိစ္ဆာမျိုး
Donate to DVB

နိုင်ငံနဲ့ပြည်သူအပေါ် နှစ်ပေါင်း ၇၀ ကျော် မိုက်ရိုင်းရမ်းကားစွာ ဗိုလ်ကျနှိပ်စက်ခဲ့ကြတဲ့ စစ်အခွင့်ထူးခံတအုပ်ဟာ ပြန်ပေးရမယ့် အပြစ်ကြွေးတွေကို ပြန်မဆပ်လိုတော့ဘဲ အမှားပေါ် အမှားထပ်ရင်း အများပြည်သူက ပေးအပ်ခဲ့တဲ့ လူပြန်ဖြစ်ခွင့်ကို အကြိမ်ကြိမ်စွန့်လွှတ်လို့ မိုက်တွင်းဆက်တူးခဲ့ကြတာမို့ အခုနောက်ဆုံးအဆင့် စစ်အာဏာရှင်စနစ် ဇာတ်သိမ်းခန်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပထမအကြိမ် လူပြန်ဖြစ်ခွင့်ကို ငြင်းပယ်ခြင်း

လက်နက်အားကိုးပြီး လူလူချင်း ဗိုလ်ကျ အခွင့်ထူးခံချင်တဲ့ အကျင့်ဟောင်းတွေပြင်ဖို့၊ စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ပထမဆုံးအကြိမ်အဖြစ် စစ်အခွင့်ထူးခံတအုပ်ကို ပြည်သူလူထုက လမ်းမတွေပေါ်တက်လို့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ပြီး ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြတာကို သေနတ်‌တွေနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ငြင်းပယ်ခဲ့ကြပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကို ငှားသုံးရရင် စစ်အုပ်စုဟာ သိုးနေတဲ့ ထမင်းဟင်းတွေကို အိုးအသစ်ထဲ ပြောင်းထည့်တဲ့ ပြောင်းလဲမှုအတုဖြစ်တဲ့ ပါတီစုံပေးမယ်လို့ လိမ်ညာပြီး စစ်အသိုင်းအဝိုင်းကသာ အုပ်စိုးဗိုလ်ကျနိုင်မယ့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတဲ့ အာဏာရှင်တွေ ပေးသနားမယ့် စစ်ဒီမိုကရေစီအိုးအသစ်ထဲ စစ်အခွင့်ထူးခံ ထမင်းသိုးဟင်းသိုးတွေကို ပြောင်းထည့်ခဲ့ကြတာဟာ စိတ်သစ်လူသစ် လူပြန်ဖြစ်ခွင့်ကို ပထမဆုံးအကြိမ် မိုက်မဲစွာ စွန့်ပစ်ခဲ့ကြတာ မဟုတ်လား။

ဒုတိယအကြိမ် လူပြန်ဖြစ်ခွင့်ကို ငြင်းပယ်ခြင်း

၈၈၈၈ လူထုအရေးတော်ပုံကြီးကို သတ်ဖြတ်နှိမ်နင်းပြီး ပါတီစုံရွေးကောက်ပွဲကြီးကို ၁၉၉၀ ခုနှစ်မှာ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားလို့ ကျင်းပခဲ့ပေမဲ့ ပြည်သူလူထုအများစုဟာ ဒေါ်‌အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုသာ ပုံအောမဲပေးခဲ့ကြပါတယ်။ ပြည်သူတွေပေးတဲ့ အဲ့ဒီမဲဆန္ဒတွေကို စစ်မိစ္ဆာလူမိုက်များဟာ ဒုတိယအကြိမ် မိုက်မဲစွာ ငြင်းပယ်ပြီး ပြည်သူ့အာဏာကို ပြည်သူထံ ပြန်လွှဲမပေးခဲ့ကြပါဘူး။

တတိယအကြိမ် လူပြန်ဖြစ်ခွင့်ကို ငြင်းပယ်ခြင်း

အဲဒီကနေ ထမင်းသိုးဟင်းသိုး စစ်အာဏာရှင်တွေဟာ မိုက်မြဲတိုင်း မိုက်လာခဲ့တာမို့ ဒုတိယအကြိမ် ပြင်ဆင်နိုင်မယ့် အခွင့်အရေးအနေနဲ့ ရဟန်းရှင်လူ ပြည်သူလူထုကြီးက ရွှေဝါရောင်တော်လှန်ရေးကြီး ဆင်နွှဲတောင်းဆိုခဲ့ကြရာမှာ မိုက်ရိုင်းရမ်းကားစွာ ဘုန်းကျောင်းတွေထဲအထိ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်လို့ တတိယအကြိမ်မြောက် လူပြန်ဖြစ်ခွင့်ကို စစ်အုပ်စုဟာ စွန့်လွှတ်ခဲ့ကြပြန်ပါတယ်။

နောက်တော့ စစ်အာဏာ ထာဝရတည်တံ့ဖို့နဲ့ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို တာဝန်ယူစရာမလိုအောင် သူတို့စိတ်ကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို‌ ဇွတ်တရွတ် ရေးဆွဲ အတည်ပြုခဲ့ကြပါတယ်။ စစ်အုပ်စုဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နိုင်ငံရေးဖျာခင်းပြီး တိုင်းပြည်မှာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်တပ်က အမြဲတမ်း ရှိနေရမယ်ဆိုတဲ့ သဘောတရားကို လက်မလွှတ်ဘဲ ထမင်းသိုးဟင်းသိုး စစ်အခွင့်ထူးခံတွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို ဆက်ပြီး မောင်ပိုင်စီးခဲ့ကြပါတယ်။

စတုတ္ထအကြိမ် လူပြန်ဖြစ်ခွင့်ကို ငြင်းပယ်ခြင်း

နောက်တခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုမဲဆန္ဒနဲ့ တက်လာတဲ့ NLD လူထုအစိုးရ လက်ထက်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်က လွှတ်တော်ထိုင်ခုံ ယူထားတာတွေကို နည်းနည်းခြင်း စွန့်လွှတ်ရင်း တဖြည်းဖြည်း နောက်ကိုဆုတ်ပြီး နိုင်ငံရေးကနေ ထွက်ခွာသွားတဲ့ model ပုံစံမျိုးလိုဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူထုကိုယ်စားလှယ်တွေက အားထုတ်ခဲ့ကြပါသေးတယ်။

စစ်တပ်ကို သူ့မူလတာဝန် နိုင်ငံတော်ကာကွယ်တဲ့ အလုပ်ကိုသာ လုပ်နိုင်ဖို့ ဘားတိုက်ကို သိက္ခာရှိရှိ ပြန်နိုင်အောင် စစ်တပ်ကို နိုင်ငံရေးနယ်ပယ်က ထွက်ခွာနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြရင်းနဲ့ စတုတ္ထအကြိမ် လူပြန်ဖြစ်ခွင့်ကို မိုက်မဲစွာ စွန့်ပစ်ခဲ့ကြပြန်ပါတယ်။

ပဉ္စမအကြိမ် လူပြန်ဖြစ်ခွင့်ကို ငြင်းပယ်ခြင်း

ပဉ္စမအကြိမ်မြောက် လူပြန်ဖြစ်ခွင့်ကို မိုက်မဲရမ်းကားစွာ စွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာလုယက်မှုကြောင့် စတင်ဖြစ်ပွားလာခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်‌ရေးကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ အာဏာ၊ ပါဝါ ဥစ္စာရူးနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံတွေဟာ လက်နက်မပါဘဲ လမ်းမတွေထက်တက်ပြီး အာဏာလုယူတာကို လက်မခံကြောင်း ပြသလာတဲ့အခါ ပြည်သူတွေရဲ့ဦးခေါင်းကို ချိန်ရွယ်ပစ်ခဲ့တဲ့ ကျည်ဆန်တွေနဲ့ လူပြန်ဖြစ်ခွင့်ကို ပဉ္စမအကြိမ် ငြင်းပယ်စွန့်ပစ်ခဲ့ကြတာဟာ အခုထိ မိုက်မဲနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအကြိမ်ဟာ ထမင်းသိုးဟင်းသိုး စစ်မိစ္ဆာမျိုးတွေအတွက် နောက်ဆုံးအကြိမ် ဖြစ်လာမယ့် ငြင်းပယ်ရမ်းကားမှု ဖြစ်ပါတယ်။ အာဏာလုယူပြီး ၃ နှစ်ကြာခဲ့တာတောင် သူတို့ကို ပြည်တွင်းပြည်ပ ဘယ်ကမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုခဲ့ကြဘဲ တနိုင်ငံလုံးက တိုင်းရင်းသား မိဘပြည်သူအားလုံးရဲ့ ဘုံရန်သူအဖြစ် ရောက်ရှိသွားရင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဘက်ဘက်မှာ ကျဆုံးလာနေတာဟာ လဲပြိုကျမှတ်ကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ခွင့်မလွှတ်ထိုက်တဲ့ အမှားပေါင်း ကုဋေကုဋာဆင့် ကျူးလွန်လာတဲ့ စစ်အခွင့်ထူးခံတသိုက်ဟာ ဘယ်သောအခါမှ သွေးသစ်အသားသစ် ပြန်မဖြစ်နိုင်တော့တဲ့ အနာပြည်သွေးပုပ်တွေလို အစားအစာကောင်းတွေအဖြစ် ဘယ်သောအခါမှ ပြန်မဖြစ်တော့မယ့် ထမင်းသိုးဟင်းသိုးတွေနဲ့ တူလှတဲ့ စစ်မိစ္ဆာမျိုးတွေအဖြစ် မြန်မာ့သမိုင်းသာမက ကမ္ဘာ့သမိုင်းမှာပါ နာမည်ဆိုးနဲ့ ကမ္ပည်းထိုးလို့ လူ့ဘောင်အသိုင်းအဝိုင်းကနေ သိက္ခာမဲ့စွာ လွင့်ပါးပျောက်ကွယ်ကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013