DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို
DVB
·
February 1, 2024
မြန်မာနိုင်ငံ၌ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားတဲ့ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးတခုဆီကို ဦးတည်တဲ့လမ်းကြောင်းတခု ဖော်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်သွားတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ဇန်နဝါရီ ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်တာပါ။

စိတ်ထိခိုက်စရာကောင်းလှတဲ့ ဒီနှစ်ပတ်လည်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားတဲ့ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးတခုဆီကို ဦးတည်တဲ့ လမ်းကြောင်းတခု ဖော်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြလိုတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး အစိုးရ ခေါင်းဆောင်တွေကို  တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားမှု သုံးနှစ်ပြည့်မြောက်လာချိန်မှာ အရပ်သားပြည်သူတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေနဲ့ အတူ  မြန်မာနိုင်ငံတွင်း အကျပ်အတည်းဟာ ဆက်လက် ပိုမို ဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုလိုက်ပြီး မြန်မာပြည်အကျပ်အတည်းကို အားလုံးပါဝင် ဖြေရှင်းဖို့ မြန်မာပြည်သူတွေဟာ  လူ့အခွင့်အ‌‌ရေးကို လွတ်လပ်ငြိမ်းချမ်းစွာ ကျင့်သုံးခံစားနိုင်ခွင့်ရရှိတဲ့ အခြေအနေတွေရှိဖို့ လိုအပ်ကြောင်းနဲ့ အရပ်သားပြည်သူတွေကို ဦးတည်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက် စစ်ဆင်ရေးနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေ အဆုံးသတ်ရမှာဖြစ်ကြောင်းနဲ့ တာဝန်ရှိသူတွေ အားလုံး  တာဝန်ခံမှုရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်း ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေ ပြင်းထန်လာနေချိန်မှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့လည်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်ကြောင်း  ထပ်မံပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူဦးရေ ၁ သန်းရှိရာက အခုနှစ်မှာ ၁၈ ဒသမ ၆ သန်း နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံရှိလာပြီး  ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေအတွက် အဟန့်အတားမရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေလိုအပ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာလူထုကို ထောက်ပံ့ကူညီ‌ရေးအတွက် နိုင်ငံတကာနဲ့  ‌ဒေသတွင်းမှ စဉ်ဆက်မပြတ် အာရုံစိုက်ပြီး စုပေါင်းလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကူညီဆောင်ရွက်ပေးရန်အလို့ငှာ အာဆီယံနဲ့ တခြားဒေသတွင်းနိုင်ငံတွေ အပါအဝင် ပတ်သက်သူအားလုံးနဲ့  ဆက်လက် လက်တွဲ‌ဆောင်ရွက်ဖို့လည်း သန္နိဋ္ဌာန်ချထားတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအကြီးအကဲအနေနဲ့ အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော တရားမျှတတဲ့ လူ့အဖွဲ့အစည်းတရပ်ကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘေးကင်းလုံခြုံရေး၊ အခြေခံအခွင့်အရေးနဲ့ ဂုဏ်သိက္ခာတို့အတွက် အန္တရာယ်များတဲ့ ခရီးလမ်းကို စွန့်စားသွားနေကြတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူမှုအသိုက်အဝန်း အားလုံးအတွက် ကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ထုတ်ပြန်ထားပါတယ်။

အလားတူ အီးယူ၊ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ ဩစတြေးလျအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကလည်း စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အဝ ပေးအပ်ခွင့်ပြုဖို့ ပူးတွဲတောင်းဆို တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကာလုံအစည်းအဝေးခေါ်ယူပြီး တိုင်းပြည် သာမန်အခြေအနေ မရောက်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ၆ လ အာဏာသိမ်း သက်တမ်း ထပ်တိုးလိုက်ပါတယ်။

Photo-REUTERS/Abubaker Lubowa

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013