DVB Logo
Home
မြန်မာသတင်း
ပါတီဝင်ဦးရေ သတ်မှတ်ချက် လျော့နည်းသွားသော်လည်း နိုင်ငံရေးပါတီများ စည်းရုံးရေးမလုပ်နိုင်
DVB
·
January 31, 2024
ပါတီဝင်ဦးရေ သတ်မှတ်ချက် လျော့နည်းသွားသော်လည်း နိုင်ငံရေးပါတီများ စည်းရုံးရေးမလုပ်နိုင်
Donate to DVB

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်လိုက်ပေမဲ့ လတ်တလောမှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၃၀ က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၁၅/၂၀၂၄) ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြင်ဆင်လိုက်တဲ့ အချက်တွေမှာ အဓိကအားဖြင့် နိုင်ငံရေးပါတီတွေ ပါတီဝင်စည်းရုံးရမယ့် ရက်အကန့်အသတ်၊ ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်းဖွင့်လှစ်ရမယ့် သတ်မှတ်ချက်တွေ ပြင်ဆင်ပေးတွေ့ရပါတယ်။

အရင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ တနိုင်ငံလုံးမှု စည်းရုံးလှုပ်ရှားမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မှတ်ပုံတင်ကျပြီးပါက ခြောက်လအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ထက်ဝက်မှာ ရုံးခန်းတွေ ဖွင့်လှစ်ကာ ပါတီဝင် အရေအတွက် တသိန်း စည်းရုံးရမှာဖြစ်ပါတယ်။

ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံရေးပါတီတွေအနေနဲ့ မှတ်ပုံတင်ကျပြီးပါက ရွေးကောက်ပွဲမတိုင်မီ သုံးလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်သုံးပုံမှာ ရုံးခန်းတွေ ဖွင့်လှစ်ကာ ပါတီဝင် ၅၀၀၀၀ စည်းရုံးရမှာဆိုတဲ့အချက်တွေကို ပြင်ဆင်ပေးထားပါတယ်။

နိုင်ငံရေးပါတီတခုမှ ကော်မတီဝင်တဦးက “အခု ဖြေလျှော့ပေးတာ ကောင်းပါတယ်။ အခုလိုလုပ်ပေးတာတောင် စည်းရုံးရေးကတော့ လက်ရှိမှာ ဘယ်သူမှ မလုပ်နိုင်သေးဘူး။ လုံခြုံရေးက တည်ငြိမ်သွားမှပဲ လူထုကြားထဲ စည်းရုံးရေးလုပ်နိုင်မယ်လို့ ထင်တယ်။ ဒါတောင် ကာချုပ်နဲ့တွေ့ဆုံပွဲမှာ ဝိုင်းပြောကြလို့ ပြင်ပေးတာ”လို့ ပြောပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၆ ရက်က စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ ၃၉ ပါတီက တာဝန်ရှိသူတွေ တွေ့ဆုံပွဲအပြီးမှာ အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်ခေါင်းဆောင်က ပြင်ဆင်ခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ဒုတိယအကြိမ် ထပ်မံပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ မှတ်ပုံတင်ခွင့်ပြုချက်ကျပြီးတဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး ၂ ပါတီကို မှတ်ပုံတင်ခွင့် ပြန်လည်ပယ်ဖျက်ခဲ့ပြီး ၄၅ ပါတီသာ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013