DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေး ၁၃ သန်းခွဲနှင့် အိုက်စ် ၂၉ ကီလိုဂရမ် ဖမ်းမိ
DVB
·
January 30, 2024
ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေး ၁၃ သန်းခွဲနှင့် အိုက်စ် ၂၉ ကီလိုဂရမ် ဖမ်းမိ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်နဲ့ ချင်းမိုင်ခရိုင် မြန်မာနယ်စပ်အနီးမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၁၃ သန်းခွဲနဲ့ အိုက်စ်မူးယစ်ဆေး ၂၉ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းရိုင်ခရိုင် မဲ့ကျန်းမြို့နယ် စစ်ဆေးရေးဂိတ်မှာ အစစ်မခံဘဲ မောင်းပြေးသွားတဲ့ ကားတစီးနောက် လိုက်လံဖမ်းဆီးရာက ဝိန်းချိုင်းရုန့်မြို့နယ် ဖာငမ်းကျေးရွာရှိ ဂိုဒေါင်တခုထဲကနေ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းမိခဲ့တာလို့ အမှတ် ၃၂၇ နယ်ခြားစောင့်တပ်မမှူး ဒုဗိုလ်မှူးကြီး ရုန့်လို့တ် ထာကွန်းဘွန်ယဆီီရက ဇန်နဝါရီ ၂၈ ရက် မနက် ၁၁ နာရီ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဲဒီမတိုင်ခင် မနက် ၃ နာရီလောက်က နံပါတ်ပြားမပါတဲ့ အနက်ရောင် အီဇူးစူး ဟိုင်းလပ် ကားတစီးဟာ မဲ့ကျန်းစစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံဘဲ ဖြတ်မောင်းသွားတာကြောင့် တာဝန်ရှိသူတွေက နောက်ယောင်ခံလိုက်ခဲ့ပါတယ်။

အဆိုပါကားဟာ ဝိန်းချိုင်းရုန့်မြို့နယ် ဘန့်ဖာငမ်းရပ်ကွက်ရှိ ဂိုဒေါင်တလုံးကနေ ပြန်ထွက်လာပြီး အမြန်မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် သူပြန်ထွက်လာတဲ့ ဂိုဒေါင်ကို သွားရောက်စစ်ဆေးရာမှာ ဂို‌ဒေါင်မှာ လူမရှိဘဲ အပြင်ကနေ သော့ခတ်ထားကြောင်း၊ တာဝန်ရှိသူတွေက သော့ဖျက်ပြီး ဝင်စစ်ရာမှာ အထဲမှာ ဆာလာအိတ်ပေါင်း ၂၅ အိတ် တွေ့ရှိပြီး တအိတ်ကို စိတ်ကြွဆေးပြား ၂ သိန်းစီ ထည့်ထားတဲ့  စိတ်ကြွဆေး  စုစုပေါင်း  ၅ သန်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဆိုပါကားဟာ မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ်ကနေ ဝင်ရောက်လာတာကြောင့် တဖက် အိမ်နီးချင်းနိုင်ငံမှ မူးယစ်ဆေးတွေ သယ်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်း နေရာအနှံ့ကို မဖြန့်ဖြူးခင် အဲဒီဂိုဒေါင်မှာ လာသိမ်းထားတာလို့ နယ်ခြားစောင့်တပ်မမှူးက သုံးသပ်ပြောဆိုပါတယ်။

ဇန်နဝါရီ ၂၈ ရက် တနေ့တည်းမှာပဲ ချင်းမိုင်ခရိုင် ဖန်မြို့နယ် မွန့်ပင်ကျေးရွာအုပ်စုထဲမှာ မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့နဲ့ နယ်စပ်လုံခြုံရေး ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂ သန်းခွဲ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၄ အထူးတိုက်ခိုက်ရေးတပ်မှ ဗိုလ်မှူးကြီး ကစ်တာကွဏ်း ကျန်ထလာက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီနေ့ ည‌နေ ၃ နာရီလောက်မှာ နယ်စပ် ပန်တောင်တောလမ်းဘက်ကနေ အထုပ်တွေထမ်းပြီး ဝင်လာသူ ၂၀ ကျော်ကို အဝေးမှလှမ်းမြင်ရကြောင်း၊ စစ်ဆေးဖို့အတွက် ရပ်မိန့်ပေးလိုက်ပေမဲ့ တဖက်က မရပ်တဲ့အပြင် သေနတ်နဲ့စပစ်တာကြောင့် နှစ်ဖက် ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်သံတွေ ငြိမ်သွားတော့ နယ်မြေသွား‌ရောက် ရှင်းလင်းရာမှာ သေဆုံးဒဏ်ရာရသူ တဦးတယောက်မှ မတွေ့ရဘဲ ကျောပိုးအိတ်အသွင် ပြုလုပ်ထားတဲ့ အိတ်ပေါင်း ၂၅ အိတ်တွေ့ပြီး တအိတ်ကို စိတ်ကြွဆေး ၁ သိန်းစီပါတာကြောင့် စုစုပေါင်း ၂ သန်း ၅ သိန်း ဖမ်းမိကြောင်း၊ အဆိုပါစိတ်ကြွ‌ေဆးတွေဟာ ကြယ် ၅ လုံးတံဆိပ်၊ 888 နဲ့ WY တံဆိပ်တွေ ဖြစ်တယ်လို့ ထိုင်းရဲက ဆိုပါတယ်။

ဒီမတိုင်ခင် ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီလောက်မှာလည်း ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုက ဝမ်ဟွေလိုတ်ဆိုတဲ့ မြန်မာနယ်စပ် တောထဲမှာ စိတ်ကြွဆေးပြား ၆ သန်းနဲ့ အိုက်စ်ရေခဲမူးယစ်ဆေး အလေးချိန် ၂၉ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ အမှတ် ၁၄၃၀ နယ်ခြားစောင့်တပ်က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးသယ်ဆောင်သူတွေကတော့ တာဝန်ရှိသူတွေ တောထဲဝင်ရောက်လာတာကို ကြိုတင်သိလို့ ထွက်ပြေးပုန်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်အတွင်း မြန်မာနယ်စပ်ဘက်ကနေ စိတ်ကြွဆေးပြားစုစုပေါင်း ၁၃ သန်းခွဲနဲ့ အိုက်စ်ဆေး ၂၉ ကီလို ဖမ်းဆီးရမိတာဖြစ်ပါတယ်။ 

Source: Thai PBS / Thairath / CM Thai news  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013