Home
ဆောင်းပါး
အကြမ်းဖက်တပ် စစ်ရှုံး ပျက်သုဉ်းတော့မှာ မင်းအောင်လှိုင်ကြောင့်လား
DVB
·
January 29, 2024

ဒီကနေ့အချိန်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအပေါ် နှစ်ပေါင်း ၆၀ ကျော် ကုပ်ခွစီးပြီး အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့ တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းကြီး တိုက်ပွဲတိုင်း ရှုံးနိမ့်လာရင်း အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ပျက်သုဉ်းပြိုကျလာချိန် ဖြစ်ပါတယ်။ တပ်အင်အားသောင်းချီ သေဆုံးပြုန်းတီးရင်း တဖက်မှာ သောင်းချီပြီး စစ်တပ်ကို စွန့်ခွာမှုတွေ၊ လပိုင်းအတွင်း တပ်စခန်း ၅၀၀ ကျော် လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေ ကြုံနေရပါတယ်။

မြန်မာ့သမိုင်းမှာ မကြုံဖူးခဲ့ရတဲ့ တပ်ရင်းအလိုက်၊ ဗျူဟာအလိုက်၊ စစ်ဆင်ကွပ်ကဲရေး ဌာနချုပ်အလိုက် လက်နက်ချ အညံ့ခံလာရတဲ့ အခြေအနေတွေ၊ စစ်ကြောင်းအလိုက်၊ ခံစစ်စခန်းကုန်းအလိုက် အိန္ဒိယ၊ တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာရတဲ့ အခြေအနေထိ တိုက်ရည်ခိုက်ရည်မဲ့လာတာ၊ ကျစရာမကျန်တော့လောက်အောင် နိုင်ငံအဆင့် လက်နက်ကိုင်စစ်တပ်တခုရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းပြီး ရုပ်ပျက်ဆင်းပျက်နဲ့ နာမည်ပျက်ခဲ့ရတာ ဘာကြောင့်ပါလဲ။

စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် အလွန်အမင်း နိမ့်ကျတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အတွေးမှာတော့ အာဏာရူး မင်းအောင်လှိုင်ရဲ့ ဦး‌ဆောင်မှုညံ့ဖျင်းတာကြောင့် အခုလို စစ်ရှုံးရတာလို့ ခပ်ဖျင်းဖျင်း ကောက်ချက်ဆွဲကြမှာ ဖြစ်ပါတယ်။ အကြောက်တရားကို ဖန်တီးပြီး ပြည်သူလူထုကို ဗိုလ်ကျစိုးမိုးလိုစိတ် မောဟ ကြီးမားလွန်းလေတော့ မင်းအောင်လှိုင် လုပ်ကိုင်နေတာ မပြတ်သားလို့၊ ပျော့ညံ့လို့ ဖြစ်ရတာ ထင်မှတ်မှားကြတာ ဖြစ်ပါတယ်။

လက်သည်းအစွယ် လက်နက်ကိုသာ အားကိုးတတ်တဲ့ တိရစ္ဆာန်အရိုင်းအစိုင်းတွေထက် နိမ့်ကျတဲ့ စစ်တပ်ထောက်ခံသူ လူရှင်ရဟန်းတသိုက်ဟာ သူတို့အားကိုးအားထားရာ စတန်းဒတ်အာမီရဲ့ တိုက်လေယာဉ်၊ ဒုံးကျည်တွေ၊ ဖျက်အားပြင်းဗုံးတွေ ပိုသုံးပြီး ပြည်သူလူထုနဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေကို ဒီထက်ပို ရက်စက်ပြပြီး နှိမ်နင်းပေးမယ့် ခေါင်းဆောင်လို့ သူတို့ထင်တဲ့ စစ်ဓားပြဂိုဏ်း ဒုချုပ်စိုးဝင်းကို မအလက နေရာဖယ်ပေးဖို့ မိုက်မဲစွာ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

သူတို့ဟာ နစ်ပြီး သေငယ်ဇောဝင်နေသူတယောက်ပမာ ဆွဲမိဆွဲရာ ကောက်ရိုးတမျှင်လို အမြော်အမြင်မဲ့စွာ တောင်းဆိုနေကြပေမဲ့ စစ်ဓားပြဂိုဏ်း ဒုချုပ်စိုးဝင်း မကလို့ သူ့ဘိုးအေ အစိတ်သား သန်းရွှေတို့၊ တဏှာရူး နေဝင်းတို့၊ နောက်ဆုံး အသူရာနတ်ဆိုး၊ မာရ်နတ်ဆိုး လာပြီး မင်းအောင်လှိုင်နေရာ အစားထိုး ခေါင်းဆောင်လည်း ပြည်သူလူထုက မစင်ထက် ပိုမိုစက်ဆုပ် ရွံရှာသွားတဲ့ စစ်အာဏာရှင်စနစ်ဆိုး အဟောင်းအမြင်းကြီးကို ဘယ်သူမှ မကယ်တင်နိုင်တော့ပါဘူး။

‌လက်ရှိ အာဏာရှင်စစ်တပ် ဖြစ်နေရတဲ့ အနေအထားကို သေသေချာချာ ဆန်းစစ်ကြည့်လိုက်ရင် စစ်အခွင့်ထူးခံတသိုက်နဲ့ စစ်ဓားပြတပ်ဟာ ညွန်အိုင်ထဲ ကျသွားတဲ့ တိရစ္ဆာန်အရိုင်းတ‌ကောင်လို လှုပ်လေမြုပ်လေ ငြိမ်နေလို့လည်းမရ၊ ပြည်သူလူထုထံ အညံ့မခံဘဲ ဆက်မိုက်မဲနေဦးမယ်ဆိုရင် နစ်ပြီးရင်းနစ်ရင်းနဲ့ မရှုမလှ ဇာတ်သိမ်းရမယ့်ကိန်း ဆိုက်နေတာ ဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၆၀ ကျော် နိုင်ငံနဲ့ ပြည်သူလူထုအပေါ် သောင်းကျန်းဗိုလ်ကျခဲ့တဲ့ တပ်မတော်အမည်ခံ စစ်ဓားပြ အင်စတီကျူးရှင်းကြီး ကဏ္ဍပေါင်းစုံမှာ အရေးနိမ့်ပြီး လဲပြိုကျလာရတဲ့ အကြောင်းတရားတွေကို ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် အခြေခံအကြောင်းတရားများနဲ့ လတ်တလော အကြောင်းတရားတွေဆိုပြီး နှစ်ပိုင်းခွဲပြောရမှာ ဖြစ်ပါတယ်။

စစ်တပ်ပျက်သုဥ်းစေတဲ့ အဓိက အခြေခံအကြောင်းတရား (Root Causes) တွေကို ရေးပြရရင် အထင်ရှားဆုံးကတော့ နိုင်ငံတော်ရဲ့ မူလပိုင်ရှင် ပြည်သူလူထုကို မကာကွယ်၊ မစောင့်ရှောက်တော့ဘဲ စစ်အာဏာရှင်တအုပ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ စစ်ဓားပြ ဗီဇအတွေးအခေါ် အကျင့်စရိုက်ဆိုး ဝင်သွားပြီး ပြည်သူကို ဗဟိုမပြုတော့ဘဲ ပြည်သူသာအမိ ပြည်သူသာအဖကနေ တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုတဲ့ စစ်မိစ္ဆာဗဟိုပြု အတွေးအခေါ် ခံယူချက်အမှားကို စွဲကိုင်ခဲ့ပြီး နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာဖောက်ခဲ့တာဟာ စစ်တပ်ပျက်စီးရတဲ့ အခြေခံအကြောင်းတရား ဖြစ်ပါတယ်။

အဲ့ဒီမှားနေတဲ့အယူအဆ ရပ်တည်ချက်ကို ပြင်ဆင်ဖို့ အခွင့်အရေး အကြိမ်ကြိမ်ကို စစ်ခေါင်းဆောင်တွေဟာ အချိန်မီ ပြင်ဆင်မှု၊ ပြောင်းလဲမှု မလုပ်ဘဲ လောဘမသတ်နိုင်တာမို့ စစ်အာဏာတည်မြဲရေး၊ သူတို့ မတရားရယူထားတဲ့ စည်းစိမ်ဥစ္စာ၊ ရာထူးအာဏာတွေ လက်မလွှတ်ရရေးအတွက် လမ်းမှားကိုဆက်ပြီး မိုက်မဲစွာ လျှောက်လှမ်းရင်း အမှားအပေါ် အမှားထပ်ခဲ့တာဟာလည်း ဒုတိယအခြေခံအကြောင်းတရား ဖြစ်ပါတယ်။

စစ်တပ်ပျက်သုဥ်းစေတဲ့ လတ်တလောအကြောင်းတရား (immediate Causes) တွေကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်နဲ့ နောက်ပါ စစ်ဗိုလ်တသိုက်ဟာ ပြည်သူလူထုရဲ့ ဆန္ဒမဲအဆုံးအဖြတ်ကို အသိအမှတ်မပြုဘဲ မဲလိမ်တယ်လို့ အကြောင်းပြပြီး ဥပဒေမဲ့ အာဏာလုယူခဲ့တာဟာ လတ်တလော အကြောင်းတရားတခုထဲမှာ ပါဝင်ခဲ့ပါတယ်။

လက်နက်အားကိုးပြီး အဓိပ္ပာယ်မဲ့ အာဏာလုယူတာကို လက်မခံကြတဲ့ ပြည်သူလူထုက လမ်းမတွေပေါ်တက် ဆန္ဒပြကြတာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြိုးစားဘဲ လက်နက်မဲ့ ပြည်သူတွေရဲ့ ခေါင်းကို တည့်တည့်ချိန်ပြီး ဦး‌ေနှာက်ထွက်‌ကျအောင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့တာဟာ စစ်တပ်ကို ပျက်သုဥ်းစေတဲ့ နောက်ထပ် လတ်တလောအကြောင်းတရား ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  NLD အမတ်‌တွေကို မဟုတ်ကဟုတ်က အမှုဆင် ဖမ်းဆီးထောင်ချတာ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို မနက်ဖမ်း ညနေအလောင်းလာယူခိုင်းတာ၊ လူမဆန်တဲ့ နည်းမျိုးစုံသုံး ညှဉ်းပန်းနှိပ်စက်‌ခဲ့တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ စာသင်ကျောင်းတွေ ကလေးငယ်တွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တာ၊ မြို့ရွာတွေ၊ ပြည်သူ့အိမ်ရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာ‌တွေဟာလည်း စစ်တပ်ကို ပျက်သုဥ်း နိဂုံးချုပ်စေမယ့် လတ်တလော အကြောင်းတရားတွေ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ သက်တမ်းကုန်သွားတဲ့ စစ်ဓားပြဂိုဏ်းဟာ မကြာခင်မှာ အဆုံးသတ် နိဂုံးချုပ်ပြီး ပျက်သုဉ်းရတော့မှာပါ။ အာဏာလုယူခဲ့တာ ၃ နှစ်ပြည့်မယ့် အခုလာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဖြစ်ဖြစ် ဒီနှစ်ထဲမှာ စစ်မိစ္ဆာအုပ်စုဟာ ဦး‌ဆောင်မှုညံ့ဖျင်းတဲ့ မင်းအောင်လှိုင်ကိုပဲ ဖြုတ်ပြပြ၊ ဓားပြရုပ်ပီသတဲ့ စိုးဝင်းကိုပဲ ထိုးတင်တင်၊ ကြားဖြတ်အစိုးရဖွဲ့ပြဖွဲ့ပြ၊ ကုန်ကုန်ပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပေး အကြွင်းမဲ့ပျက်စီးကိန်းဆိုက်နေတဲ့ စစ်တပ်အတွက် ကုရာနတ္ထိ ဆေးမရှိတော့ပါဘူး။

စစ်တပ်အရေးနိမ့်ရတာ သမ္မတရူး မင်းအောင်လှိုင် ဦးဆောင်မှုညံ့ဖျင်းလို့ ဖြစ်တယ်လို့ စစ်တပ်လိုလားတဲ့ လူမိုက် လူအန္ဓတချို့က လွဲမှားစွာ မှတ်ယူကြတယ်။ တကယ်‌တော့ ပြည်သူလူထုတရပ်လုံးရဲ့ ဘုံရန်သူ စစ်တပ်ကို ဘယ်နတ်ဆိုးတောင်မှ မကယ်နိုင်‌တော့ပါဘူး။ မအလနဲ့ စစ်ဓားပြတပ်ဟာ ညွန်အိုင်ထဲကျသွားတဲ့ တိရစ္ဆာန်အရိုင်းတ‌ကောင်လို လှုပ်လေမြုပ်လေ ငြိမ်နေလို့လည်းမရ၊ နစ်ပြီးရင်းနစ်ရင်း မကြာခင် ဇာတ်သိမ်းလို့ မြန်မာ့လူဘောင်ကနေ အပြီးတိုင် ပျောက်ဆုံးသွားရမှာ ဖြစ်ပါတယ်။

စစ်တပ်ကို မစင်ထက် ရွံရှာစက်ဆုပ်ကုန်တဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးဟာ နွေဦးတော်လှန်ရေး တိုက်ပွဲပုံသဏ္ဌာန်မျိုးစုံရဲ့ အရှိန်အဟုန်ကို လျှော့ချပစ်မှာ မဟုတ်ပါဘူး။ တွေဝေ‌ခြင်း အလျဥ်းမရှိတော့ဘဲ နွေဦးတော်လှန်ရေးကြီးမှာ ကိုယ့်လုပ်နိုင်တာ၊ ကူနိုင်၊ လှူနိုင်တာ လှူနေကြရင်း စစ်အာဏာရှင်စနစ်ဆိုး ကျဆုံးခန်း နိဂုံးပိုင်းကို အားပါးတရ မျက်မြင်ကိုယ်တွေ့ ရှုစားကြဖို့ ယုံကြည်ချက်အပြည့်နဲ့ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024