DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက်တွင် ပိဋကတ်သုံးပုံ အာဂုံဆောင်ဆရာတော် ၁ ပါးပေါ်ထွန်း
DVB
·
January 28, 2024
စစ်ကောင်စီလက်ထက်တွင် ပိဋကတ်သုံးပုံ အာဂုံဆောင်ဆရာတော် ၁ ပါးပေါ်ထွန်း
Donate to DVB

ကျင်းပပြီးစီးခဲ့တဲ့ ၇၆ ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲမှာ ဖြေဆိုအောင်မြင်ခဲ့တဲ့ ပိဋကတ်သုံးပုံအာဂုံဆောင် ဆရာဝောာ်တပါး ထပ်ပေါ်ထွန်းလာခဲ့တယ်လို့ စစ်ကောင်စီ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောင်မြင်ခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရ ဟာ သက်တော် ၅၉ နှစ်၊ သိက္ခာတော် ၃၉ ဝါရှိ အရှင်ပညာ ရန်ကုန်၊ ဒဂုံမြို့နယ်၊ သိရီလင်္ကာရ၊ တိပိဋကနိကာယကျောင်းတိုက်က ဖြစ်ပြီး တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ ၁၆ ပါးမြောက် ဆရာတော် ဖြစ်ပါတယ်။

စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့အထိ စုစုပေါင်း ၃၃ ရက် ကျင်းပခဲ့တာပါ။

တိပိဋကဓရ တိပိဋကကောဝိဒ (ပိဋကတ်သုံးပုံ)  စာမေးပွဲကြီးမှာ ‘တိပိဋကဓရ’ ဘွဲ့အတွက် ဝိနယပိဋက ဝိနည်းပထမပိုင်း ၂ ကျမ်း၊ ဝိနယပိဋကဝိနည်း ဒုတိယပိုင်း ၃ ကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ် ၃ ကျမ်း၊ အဘိဓမ္မ ပိဋက အဘိဓမ္မာပထမပိုင်း ၅ ကျမ်းနဲ့ အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း ၂ ကျမ်းတို့ကို အလွတ် အာဂုံပြန်ဆိုရပြီး ‘တိပိဋက ကောဝိဒ’ ဘွဲ့အတွက်တော့ သဘောရေးဖြေ စာမေးပွဲဖြေဆိုခဲ့ရတာ ဖြစ်ပါတယ်။

စာမေးပွဲအောင်ခဲ့တဲ့ ဆရာတော်ဟာ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်တော်နဲ့ ထီးဖြူတော်သုံးလက်တံဆိပ်ပါ အောင်လံတော်တို့ကို ရရှိမှာ ဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆက်ကပ်တဲ့ သဝဏ်လွှာ၊ လှူဖွယ်ပစ္စည်း၊ နဝကမ္မအလှူတော်ငွေတွေကိုပါ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

၇၆ ကြိမ်မြောက် စာမေးပွဲမှာ ပိဋကတ် ၃ ပုံ အောင် ဆရာတော် ၁ ပါး၊ ပိဋကတ် ၂ ပုံအောင် ဆရာတော် ၃ ပါး၊ ပိဋကတ် ၁ ပုံအောင် ၅ ပါးနဲ့ ဥဘတောဝိဘင်္ဂကောဝိဒ (ဝိနယပိဋက၊ ဝိနည်းပထမပိုင်း ၂ ကျမ်း) သဘောရေးဖြေအောင် ဆရာတော် ၇ ပါးအထိ အောင်မြင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲကို ၁၉၄၈ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ၆ ကြိမ်မြောက်မှာ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက ပထမဆုံးအကြိမ် ပိဋကတ်သုံးပုံ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အထိ အောင်မြင်ခဲ့တဲ့ ဆရာတော် ၁၆ ပါးရှိပြီး ၅ ပါးကတော့ ပျံလွန်တော်မူပြီးဖြစ်လို့ လက်ရှိ ၁၁ ပါး သက်ရှိထင်ရှား ရှိနေပါတယ်။

ဓာတ်ပုံ- သာသနာရေးဝန်ကြီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013