DVB Logo
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုရန် သံရုံး သတိပေး
DVB
·
January 26, 2024
အမေရိကန်နိုင်ငံသားများ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုရန် သံရုံး သတိပေး
Donate to DVB

အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုကြဖို့ ရန်ကုန်ရှိ အမေရိကန်သံရုံးကနေ ဇန်နဝါရီလ ၂၅ ရက် ရက်စွဲနဲ့ အန္တရာယ်သတိပေးအဆင့်  ၄ ရှိ အကြံပြုနှိုးဆော်သတိပေးချက်  ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုကြဖို့ ထုတ်ပြန်ထားတဲ့ သူတို့ရဲ့ ခရီးသွားအကြံပြုချက်ကို ပြန်လည်ဖြည့်စွက်ပြင်ဆင် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ခရီးသွားအကြံပြုချက် ထပ်မံဖြည့်စွက်ခဲ့တဲ့ အချက်တွေကတော့ အရပ်ဘက်မှာ မငြိမ်မသက်ဖြစ်နေတာ၊ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတာ၊ တရားလက်လွတ် မှားယွင်းစွာဖမ်းဆီးတာ၊ ဒေသတွင်း ဥပဒေတွေကို ကျိုးကြောင်းဆီလျော်မှုမရှိ အာဏာသုံး ထုတ်ပြန်တင်းကျပ်နေတာ၊ မြေမြှုပ်မိုင်းတွေထောင်ထား၊ ပစ်ခတ်ပြီးနောက်၊ မပေါက်ကွဲဘဲ ကျန်နေတဲ့ ခဲယမ်းတွေရှိနေတာတို့ ဖြစ်ပါတယ်။

တကယ်လို့ သွားဖို့ ဆုံးဖြတ်ထားရင်လည်း အထက်ပါအချက်တွေအပြင် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ အရေးပေါ်ဆေးဝါး/စက်ပစ္စည်းတွေ လုံလုံလောက်လောက် မရှိတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ ဖော်ပြထားပါတယ်။ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ မှားယွင်းစွာဖမ်းဆီးမှုတွေလည်းရှိနေတာကြောင့် အထူးသတိထားပါလို့ ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းထားတာကြောင့် ဆန္ဒပြမှုတွေ အချိန်မရွေး နေရာမရွေးဖြစ်လာနိုင်သလို ဆန္ဒပြသူတွေနဲ့ အနီးနားက ရပ်ကြည့်သူတွေကိုလည်း စစ်တပ်က ဘယ်သူဘယ်ဝါမခွဲခြားဘဲ သေစေနိုင်လောက်တဲ့ အင်အားသုံးဖြိုခွင်းမှုတွေရှိတယ်လို့ သတိပေး ရေးသားထားပါတယ်။

သံရုံးဝန်ထမ်းတွေအနေနဲ့ ရန်ကုန်ပြင်ပကို ခွင့်ပြုချက်ယူပြီးမှ ခရီးထွက်ခွင့်ရှိတာကြောင့် မြန်မာနိုင်ငံအနှံ့က အရေးပေါ်ကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ ကန့်သတ်ချက်တွေနေရှိကြောင်းနဲ့ မိသားစုထဲက အသက် ၂၁ နှစ်အောက် မီခိုသူတွေကလည်း အမေရိကန်အစိုးရဝန်ထမ်းတွေနဲ့အတူ လိုက်ပါခွင့်မရှိဘူးလို့ ဖော်ပြထားပါတယ်။

ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်းနဲ့ ရန်ကုန်မြို့ပေါ်လို နေရာမှာတောင် လက်လုပ်ဗုံး/မိုင်းတွေအသုံးပြုတိုက်ခိုက်မှုတွေရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို လက်လုပ်ဗုံး/မိုင်းတွေနဲ့ တိုက်ခိုက်မှု ပျမ်းမျှ တစ်လလျှင် ၁၄ ကြိမ်ရှိခဲ့ပြီး မပေါက်ကွဲခင်ကြိုတင်သိရှိ ဖျက်ဆီးနိုင်ခဲ့တာက တလကို ပျမ်းမျှ ၉ ကြိမ်ခန့်ရှိကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံသားတွေဟာလည်း ဥပဒေကို တရားလက်လွတ် အာဏာသုံးထုတ်ပြန်တင်းကျပ်နေတဲ့ စစ်တပ်ရဲ့ မှားယွင်းစွာ ဖမ်းဆီးခဲ့မှုကိုခံရနိုင်ပြီး ဖမ်းဆီးခံရသူတွေဟာလည်း တရားရေးဆိုင်ရာ ခုခံချေပခွင့်ရော၊ မျှတတဲ့တရားစီရင်ရေးကိုရော ရနိုင်မှာမဟုတ်သလို၊ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းကိုလည်းရနိုင်မှာ မဟုတ်ဘူးလို့ ရေးထားပါတယ်။

ဒါ့အပြင် စစ်ကြောရေးမှာ ကာလကြာစစ်ဆေးမေးမြန်းတာတွေ၊ ဖမ်းဆီး ထိန်းသိမ်းထားတာတွေကို အမေရိကန်နိုင်ငံသားတွေသာမဟုတ် ဘယ်နိုင်ငံသားမဆို တွေ့ကြုံရနိုင်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Facebook နဲ့ Twitter ကို အသုံးပြုလို့မရအောင် တားမြစ်ထားကြောင်းနဲ့ VPN အသုံးပြုတာကို တရားမဝင်လုပ်ရပ်အဖြစ် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း VPN သုံးတာကိုစစ်ဆေးတွေ့ရှိခဲ့ရင် မြန်မာရဲတွေက လာဘ်ထိုးဖို့ တောင်းဆိုကြောင်းတွေကို ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013