DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ်အပါ ၇ ဦး ဒဏ်ရာရ
DVB
·
January 25, 2024
ကျောက်ကြီးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ်အပါ ၇ ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီခွဲက ကျောက်ကြီးမြို့နယ်၊ ရေဖြူကန်ကျေးရွာ အနီးတဝိုက်ကို ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

တော်လှန်ရေးအင်အားစု တာဝန်ရှိသူက “အခု ၂၆၄ စစ်တပ်ကနေ တောက်လျှောက်ပစ်နေတုန်းပဲ။ ရွာသားထိခိုက်မှုသတင်းကတော့ မရသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက် ည ၇ နာရီခွဲလောက်က ကညင်ကျိုးကျေးရွာနဲ့ ဒေါင်းမို့ကျေးရွာအတွင်းကို လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ဦးမြင့်လှိုင် (၆၅ နှစ်) ထိမှန်သေဆုံးခဲ့ပြီး ဒေါ်ကြင်နု (၆၆ နှစ်)နဲ့ စောအယ်ထူးစေး (၁၂ နှစ်) တို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံး ပျက်စီးခဲ့တဲ့အပြင် နွား ၃ ကောင်လည်း ကျည်စထိမှန်‌ သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီက စစ်တောင်းမြစ် အရှေ့ဘက်ကမ်း သူးကဘီး (ကျွဲတလင်းကျေးရွာ)၊ ကျောင်းကုန်း၊ ပေါက်ကုန်း၊ သမင်အင်းကုန်း၊ အင်းနက်၊ ကျို့ကုန်းကျေးရွာတွေ အတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျောင်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ဦးကုလား (၅၃ နှစ်)၊ ဦးစိန်ဌေး (၅၂ နှစ်) နဲ့ သားဖြစ်သူ မောင်နေဇော်လင်း (၁၅ နှစ်)၊ ဦးကျော်ဝင်း (၆၈ နှစ်) နဲ့ သမီးဖြစ်သူ မမေသက်နိုင် (၄၄ နှစ်) တို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဦးသန်းဇော်ဦး၊ ဒေါ်စန်းဌေးတို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဦးဖိုးဆိတ်ပိုင် နွား ၃ ကောင်နဲ့ ဦးမောင်ကီးရီးပိုင် နွား ၁ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစု တာဝန်ရှိသူက “၂၂ ရက်နေ့က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရွာသား ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။ ၅ ယောက်မှာ ၃ ယောက်က ဒဏ်ရာအခြေအနေက များတယ်။ ကျန်တဲ့ ၂ ယောက်က သက်သာတယ်။ စစ်ကောင်စီက ပုံမှန် လက်နက်ကြီးပစ်ခတ်တယ်။ နှစ်ဖက် ထိတွေ့တိုက်ပွဲကတော့ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းက ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်းနဲ့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ထိမှန်သေဆုံးတာ၊ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ကေအန်ယူက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013