DVB Logo
Home
မြန်မာသတင်း
ဖာပွန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စခန်း ၄ ခုကို စွန့်ခွာထွက်ပြေး
DVB
·
January 24, 2024
ဖာပွန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စခန်း ၄ ခုကို စွန့်ခွာထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ဇန်နဝါရီလအတွင်း တပ်စခန်း ၄ ခုကနေ စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဇန်နဝါရီလအတွင်း တပ်မဟာ ၅ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ စော်ထစခန်း၊ ဃော်ဒေါခိုစခန်း၊ ထီးထော်ပယ်(နတ်ရေတွင်းစခန်း)နဲ့ ကော်ဝေကျိုးစခန်းတွေကို စစ်ကောင်စီတပ်တွေ စွန့်ခွာသွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းတွေ ပိတ်ဆို့ခံထားရတဲ့အပြင် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက “စခန်းတွေကို ဝိုင်းရံ ပိတ်ဆို့ပြီး တိုက်ခိုက်တာတွေ နေ့တိုင်းရှိတယ်။ ဒါကြောင့် ဒုက္ခတွေ အမျိုးမျိုး ကြုံတွေ့ရပြီး သူတို့ နောက်ဆုံး မခံနိုင်တော့လို့ စခန်းကို စွန့်ခွာထွက်သွားရတာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ စခန်းတွေကိုလည်း ဝိုင်းရံထားပြီး တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေဟာ စားနပ်ရိက္ခာ လုံလောက်မှုမရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ လောက်ကို စီခဲဒဲအနီးမှာ တကြိမ်၊ မော်ဖားဒဲနဲ့ ကော့စိုးခိုကြားမှာ KNLA တပ်မဟာ ၂ က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူများပြားခဲ့ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာထွက်ပြေးပြီးနောက် ကမမောင်းဘက်ကို လာရောက် စစ်ရှောင်တဲ့ စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်သူရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “စစ်ကောင်စီတပ်တွေ သွားလာတာ မတွေ့တော့ဘူး။ မတွေ့တာကြာပြီ။ အခုရက်ပိုင်း တိုက်ပွဲဖြစ်တာ မကြားရဘူး။ တပ်မဟာ ၁ ဝင်းတာပန်းဘက် ဖြစ်တာပဲ ကြားရတယ်။ အခု ကမမောင်း ဖာပွန် ကားလမ်းဘေးကလူတွေ ပြန်တက်သွားတဲ့သူ နည်းနည်းပါးပါးရှိတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖာပွန်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီ တပ်စခန်းတွေက လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁ သိန်းကျော်ဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013