DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်မြန်မာနိုင်ငံသား အယောက် ၂၀၀ ဖမ်းဆီးခံရ
DVB
·
January 21, 2024
မလေးရှားတွင် တရားမဝင်မြန်မာနိုင်ငံသား အယောက် ၂၀၀ ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်၊ စမှုံညှင်းဒေသမှာရှိတဲ့ တိုက်ခန်းတွေကို ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းမှာ မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး တရားမဝင် မြန်မာနိုင်ငံသား အယောက် ၂၀၀ အပါအဝင် နိုင်ငံခြားသား ၅၆၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့  မလေးရှားရောက် မြန်မာနိုင်ငံသားတွေနဲ့ မလေးရှားလူဝင်မှုကြီးကြပ်အဖွဲ့ဆီက သိရပါတယ်။

စမှုံညှင်းဒေသမှာရှိတဲ့ နိုင်ငံခြားသားတွေဟာ ညစ်ပတ်ပြီး ဆူညံနေတယ်လို့ တိုင်တန်းတာတွေကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အရာရှိ ၄၅၀ ကျော် အပါအဝင် အင်အား ၆၀၀ နီးပါးနဲ့ ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား ၇၅၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပြီးနောက် အထောက်အထား စာရွက်စာတမ်းပါရှိတဲ့ ၁၉၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၅ ယောက်၊ နီပေါနိုင်ငံသား ၆၅ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၃၈ ယောက် အပါအဝင် သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီရာလီယွန်နဲ့ ကင်မရွန်းနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က “မလေးအရာရှိတွေက ညဘက်ကြီး ဝိုင်းပိတ်ပြီး ဖမ်းလိုက်တာ။ အများစုဟာ အဖမ်းခံရတယ်ဆိုပေမယ့် ထွက်ပြေးပြီး လွတ်မြောက်တဲ့ သူ‌တွေလည်း ရှိတယ်။ ဒါပေမဲ့ နည်းပါတယ်။ ဖမ်းပြီးတာနဲ့ အဲဒီနေရာမှာ စစ်ပြီး အထောက်အထားရှိတဲ့သူတွေကို တခါတည်း ပြန်လွှတ်တယ်။ မရှိတဲ့သူတွေကျတော့ ဖမ်းလိုက်တယ်။ အဖမ်းအဆီးတွေက နေ့တိုင်းလို ဖြစ်နေတာဆိုတော့ အထောက်အထား မရှိရင်တော့ နေရထိုင်ရတာ အရမ်းခက်ပါတယ်။ ဖမ်းခံရတဲ့သူတွေကတော့ ထောင်ကျပြီး မြန်မာပြည် ပြန်ပို့ဖို့ များပါတယ်” လို့ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၂၀၀ အပါအဝင် တရားမဝင်နိုင်ငံခြားသား ၅၆၁ ယောက်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ဖို့အတွက် ဘူကစ်ဂျာလီ လူဝင်မှုကြီးကြပ်ရေးမှာ ထိန်းသိမ်းထားတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၆ ရက်ကလည်း မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်မှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂၂ ယောက်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013