DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဘုရားဂေါပကများကို မာရဝိဇယဘုရားသို့ခေါ်ပြီး အလှူခံ
DVB
·
January 21, 2024
စစ်ခေါင်းဆောင်က ဘုရားဂေါပကများကို မာရဝိဇယဘုရားသို့ခေါ်ပြီး အလှူခံ
Donate to DVB

မြန်မာနိုင်ငံတဝန်းက ဘုရား၊ စေတီတွေက ဂေါပကတွေဟာ စစ်ခေါင်းဆောင် တည်ထားတဲ့ မာရဝိဇယဘုရားကို အလှည့်ကျ မဖြစ်မနေသွားပြီး အလှူငွေပေးရတယ်လို့ ဂေါပကအဖွဲ့တွေဆီက သိရပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့် စစ်ခေါင်းဆောင် တည်ထားတဲ့ နေပြည်တော်က မာရဝိဇယဘုရားကို လာရောက်ဖူးမြော်သူ နည်းပါးလို့ သာသနာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းက ဘုရား ဂေါပကအဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပြည်ခရိုင်က ဂေါပက ၉၁ ဦး၊ အုပ်ချုပ်ရေးက ၅ ဦး၊ ၉၆ ဦးလာတာ။ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ဘုရားဂေါပကတွေ အကုန်လာရတာ။ မလာရင် ဂေါပကတာဝန်က နားမယ်ဆိုလို့။ ကျနော်တို့ အရင်ရောက်တာက ကရင်ပြည်နယ်က ဂေါပကတွေ” လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်မှာရှိတဲ့ ဘုရားစေတီတွေက ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၄၃ ဦးနဲ့ အုပ်ချုပ်သူ ၅ ဦး၊ စုစုပေါင်း ၄၈ ဦးဟာ ဇန်နဝါရီ ၁၉ ရက်မှာ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ခဲ့ရပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဘုရားစေတီများတွေက ဂေါပက ၂၅ ယောက်ဟာလည်း စစ်ကောင်စီအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးအရာရှိ ၅ ယောက် ဦးဆောင်ပြီး လာရောက်ရတယ်လို့ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရှမ်းတောင်ကဂေါပကအဖွဲ့တွေမှာ ဘဏ္ဏာထိန်းတွေပဲ အဓိကထားပြီး ခေါ်တာ။ ဟိုရောက်တော့ မာရဝိဇယအကြောင်း ရှင်းပြ အလှူခံ၊ ကြိုစောင့်နေတဲ့ MRTV တို့၊ မြဝတီတို့က အင်တာဗျူး အဲဒီလောက်ပါပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်ကလည်း စစ်ခေါင်းဆောင်တည်တဲ့ မာရဝိဇယဘုရားကို ဘုရားစေတီတွေက ဂေါပကအဖွဲ့တွေကို လာရောက်ဖူးမြော်ဖို့ ဇန်နဝါရီ ၁၅ ရက်မှာ စာပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

“ဧရာဝတီတိုင်းမှာ ရှိနေတဲ့ ဘုရားတွေက ဂေါပကအဖွဲ့တွေကို ၁၅ ရက်နေ့မှာ စာပို့တယ်။ ဂေါပက ဆက်လုပ်မယ်ဆို မာရဝိဇယဘုရားကို လာဖူးဖို့၊ လာလေ့လာဖို့ အကြောင်းကြားတာ။ မလာရင် ဂေါပကအဖွဲ့ လူချိန်းမယ်ပေါ့။ ၁၇ ရက်နေ့ အရောက်လာရမယ်ဆိုလို့ ၁၆ ရက်ကတည်းက သွားရတယ်။ အားလုံး ၉၅ ယောက်သွားတာ။” 

စစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်က စတင်ကာ ပြည်နယ်နဲ့ တိုင်း အသီးသီးက ဘုရားစေတီတွေမှာရှိတဲ့ ဂေါပကအဖွဲ့တွေကို မာရဝိဇယဘုရားကို လာရောက်ဖူးမြော်ဖို့ စာပေးပို့ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013