DVB Logo
Home
Lead Story
အကြမ်းဖက် စကစရဲ့ ပဉ္စမမြောက်သက်တမ်း (သို့) စစ်အာဏာနောက်ဆုံးသက်တမ်း
DVB
·
January 20, 2024
အကြမ်းဖက် စကစရဲ့ ပဉ္စမမြောက်သက်တမ်း (သို့) စစ်အာဏာနောက်ဆုံးသက်တမ်း
Donate to DVB

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တုန်းက အာဏာလု စစ်ဓားပြကောင်စီဟာ နိုင်ငံရဲ့အခြေအနေဟာ သာမန်မဟုတ်တဲ့ အရေးပေါ်အခြေအနေလို့ အကြောင်းပြပြီး စတုတ္ထအကြိမ်မြောက် သက်တမ်းတိုးခဲ့ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူ့ဆန္ဒကို အသိအမှတ်မပြုဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့လို့ တပြည်လုံးက လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတာကို အရေးပေါ်အခြေအနေလို့ အကြောင်းပြပြီး နိုင်ငံတော်အာဏာ သိမ်းယူနေသည်မှာ ဒီနေ့ထိတိုင် ဖြစ်ပါတယ်။

စစ်အခွင့်ထူးခံတသိုက်ရဲ့ အာဏာလုယက်မှုကို ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးက အသိအမှတ် မပြုတာမို့ ၃ နှစ်ကျော်ကြာပြီးတဲ့တိုင် တရားမဝင်တဲ့အပြင် သူတို့စိတ်ကြိုက်‌ရေးဆွဲထားပြီး စစ်အာဏာကို ကာကွယ်ဖို့ လိုသလိုသုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ စစ်ကျွန်ဥပဒေကိုတောင် ဗြောင်ချိုးဖောက်ပြီး စစ်ဓားပြကောင်စီသက်တမ်းကို ၆ လတကြိမ်စီ တိုးယူနေရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အခုလာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စစ်ဓားပြကောင်စီဟာ သူတို့ ဆက်ရှင်သန်နိုင်အောင် အချိန်ဆွဲဖို့ ပြည်သူလူထုအများစုက သဘောမတူမှန်း သိပါရက်နဲ့ ပဉ္စမမြောက်အကြိမ် အရှက်မဲ့စွာ သက်တမ်းတိုးယူရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ စစ်ဓားပြဂိုဏ်းရဲ့ နာလန်မထူနိုင်တဲ့ နိုင်ငံရေးအခြေအနေနဲ့ ခွက်ခွက်လန် ရှုံးနိမ့်နေရတဲ့ စစ်ရေးအခြေအနေ အရပ်ရပ် ညွှန်ပြနေတာကတော့ ဒီတကြိမ် အာဏာသက်တမ်းတိုးခြင်းဟာ နောက်ဆုံးအကြိမ်သက်တမ်း ဖြစ်ရုံသာမက သက်တမ်း ၆ လခံဖို့ကို လုံးဝမရေရာ မသေချာတော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။

မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမအရ လောက ၃ ပါးထဲမှာ ကျင်လည်နေသမျှ သက်ရှိသတ္တဝါ လူနတ်ဗြဟ္မာ အားလုံး၊ တိရစ္ဆာန်အမျိုးမျိုး၊ သစ်ပင်အမျိုးမျိုးနဲ့ သက်မဲ့အရာအားလုံးဟာ မတည်မြဲပါဘူး။ အနိစ္စဆိုတဲ့ မမြဲခြင်းသဘောသာ ရှိပါတယ်။ အရာအားလုံးဟာ အမြဲမပြတ် ဖြစ်လိုက် ချုပ်လိုက်နဲ့ တရွေ့ရွေ့ ပြောင်းလဲနေတဲ့သဘောသာ ရှိတယ်လို့ ဖွင့်ဆိုနိုင်ပါတယ်။

သက်ရှိသက်မဲ့ အရာအားလုံးနဲ့ အဖွဲ့အစည်းတရပ်ရဲ့ သက်တမ်းရှည်မှု၊ သက်တမ်းတိုမှုဟာ သူတို့ရဲ့ မူလသဘာဝ၊ မျိုးရိုးဗီဇက စေ့ဆော်ဆက်နွှယ်လို့ ဖြစ်ပေါ်လာတဲ့ ပြုပြင်စီရင်မှု သင်္ခါရနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေအပေါ်မှာ မူတည်ပါတယ်။ ဆိုးရွားတဲ့ပတ်ဝန်းကျင်ရှိပြီး ပင်ကိုယ်ဗီဇ ကိုယ်ခံအားနည်းတာ၊ အနာရောဂါ အမျိုးမျိုးနဲ့ သဘာဝရန်သူတွေများတာဟာ သက်ရှိသက်မဲ့ အရာအားလုံးနဲ့ အဖွဲ့အစည်းတရပ်ရဲ့ သက်တမ်းကို တိုစေပါတယ်။

အဲ့ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်ကြတဲ့ ပတ်ဝန်းကျင်အခြေအနေကို တိုးတက်ကောင်းမွန်စေခြင်း၊ အနာရောဂါတွေ နည်းပါးခြင်း၊ သဘာဝရန်စွယ် ရန်သူနည်းပါးခြင်းတွေဟာ သက်ရှိသက်မဲ့ အရာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ သက်တမ်းကို ရှည်စေနိုင်ရာ အခြေခံအကြောင်းတရားတွေ ဖြစ်ပါတယ်။

ဒီကနေ့အချိန်ဟာ မြန်မာတနိုင်ငံလုံးနဲ့ ပြည်သူလူထုအများစုကို နိုင်လိုမင်းထက် နှိပ်စက်ဖျက်ဆီးပြီး ဒုက္ခပေးလာတာ နှစ်ပေါင်း ၆၂ နှစ် သက်တမ်းရှိလာပြီဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီးဟာ သက်တမ်းကုန်ပြီး အနိစ္စသဘောနဲ့ ကိစ္စချောတော့မဲ့ လက္ခဏာ အမြောက်အမြားကို ပြသ‌လာနေချိန် ဖြစ်ပါတယ်။

လူနည်းစုတစုသာ အခွင့်ထူးခံခွင့်ရပြီး မသမာတဲ့နည်းတွေနဲ့ ကောင်းစားချမ်းသာစေတဲ့ စစ်မိစ္ဆာစနစ်ဆိုးကြီးဟာ ပင်ကိုယ်ဗီဇကလည်း ယုတ်ညံ့အားနည်းလေတော့ အကျင့်ပျက် ခြစားပြီး လောက်တက်ပုပ်သိုးသွားရတဲ့ ပတ်ဝန်းကျင်ဆိုးကြီးကို ဖန်တီးလာခဲ့ရင်း ဆက်မရှင်သန်နိုင်လောက်အောင် ပျက်စီးခြင်းဆိုက်လို့ ဖုန်းဆိုးမြေပမာ ဖြစ်ခဲ့ရတာဟာ စစ်တပ်အမည်ခံ ဓားပြဂိုဏ်းကို သက်တမ်းတိုစေတဲ့ အခြေခံအကြောင်းတရား ဖြစ်ခဲ့ပါတယ်။

စစ်အသိုင်းအဝိုင်းတခုလုံးဟာ ဥပဒေအထက် နေရာယူပြီး ခိုးဆိုးလုနှိုက် ဓားပြတိုက်၊ စစ်ရာဇဝတ်မှု အမျိုးမျိုးနဲ့ အကုသိုလ်တွေကို အကြိမ်ကြိမ် အဖန်ဖန် ကျူးလွန်ခဲ့ကြပေမဲ့ တာဝန်မခံ၊ တာဝန်မယူခြင်းဆိုတဲ့ အနာရောဂါအမျိုးမျိုးဟာ နာတာရှည် မှိုတက် လူ့အသိုင်းအဝိုင်းကြီး တခုလုံးမှာ ကူးစက်ပြန့်ပွားစေခဲ့ကြတာဟာ စစ်ဓားပြဂိုဏ်းကို သက်တမ်းတိုစေတဲ့ နောက်ထပ် အကြောင်းတရား ဖြစ်ပြန်ပါတယ်။

ဗမာလူမျိုးကြီးဝါဒနဲ့ အမျိုး ဘာသာ သာသနာ မျက်နှာဖုံးစွပ်ပြီး လူမိုက်တချို့ကို လူမျိုးရေး ဘာသာရေးမှိုင်း အဆိပ်ခပ်လို့ စစ်အခွင့်ထူးခံ လူတန်းစားတရပ်သာ ဆင်းရဲသား အများပြည်သူရဲ့ သွေးမျက်ရည်လူးတဲ့ စည်းစိမ်ဥစ္စာတွေကို ကုပ်သွေးစုပ် မောင်ပိုင်စီးခွင့်ရဖို့ လက်နက်အားကိုးနဲ့ ဗိုလ်ကျ အနိုင်ကျင့်ခဲ့‌လေတော့ တရားမှုကို တော်လှန်ကြတဲ့ လူမျိုးပေါင်းစုံရဲ့ ဘုံရန်သူအဖြစ် ရောက်ရှိခဲ့ရခြင်း၊ အရပ်ရှစ်မျက်နှာ သဘာဝရန်သူ ရန်သူပေါများခြင်းဟာ စစ်ဓားပြဂိုဏ်းကို သက်တမ်းတိုစေတဲ့ အဓိက အကြောင်းတရား ဖြစ်ခဲ့ပြန်ပါတယ်။

သူတို့ဘာသာ ဖန်တီးခဲ့ကြတဲ့ အထက်က သက်တမ်းတိုစေတဲ့ အကြောင်းတရားတွေ၊ ပြုပြင်စီရင်မှု သင်္ခါရတွေကြောင့် တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းဟာ သက်တမ်းများများစားစား မကျန်တော့ဘူးဆိုတာ သေချာလွန်းနေပါပြီ။ မြန်မာနိုင်ငံ တနံတလျားမှာရှိကြတဲ့ လူငယ်လူရွယ်တွေ၊ အမှန်တရားကို မြတ်နိုးကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့တကွ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ERO တွေ စုစည်းပြီး ညီညီညွတ်ညွတ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတဲ့ မဟာမိတ် ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ ထိုးစစ်၊ KIA၊ KNU၊ CDF နဲ့ NUG ဦးဆောင်တဲ့ PDF တွေ ပကဖတွေရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေ၊ ကရင်နီရဲ့ ၁၁‌၁၁ ထိုးစစ် စတဲ့ အရှိန်အဟုန်ကြီးမားလှတဲ့ နွေဦးတော်လှန်ရေး လှိုင်းတံပိုးတွေဟာ တလှိုင်းပြီး နောက်တလှိုင်း လာမယ်လို့ ပြောခဲ့သလို တကယ်လည်း စစ်ဓားပြစခန်းတွေ၊ စကခတွေ၊ တပ်မတွေ၊ ဗျူဟာကုန်းတွေ တခုပြီးတခု သိမ်းပိုက်အနိုင်ယူလာခဲ့ကြပါတယ်။

စစ်တိုက်လိုစိတ်မရှိတော့တဲ့ စစ်ဗိုလ် စစ်သားတွေဟာ လွယ်လင့်တကူ တပ်ရင်းအလိုက် လက်နက်ချ၊ တပ်မအလိုက်၊ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် ဗျူဟာအလိုက် ထောင်ချီသောင်းချီ လက်နက်ချ အရှုံး‌ပေး အညံ့ခံလာကြတာဟာ စစ်ဓားပြဂိုဏ်း သက်တမ်းအနည်းငယ်သာ ကျန်ရှိတော့ကြောင်း နိမိတ်လက္ခဏာများပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယတြာရူး ဘဝင်ရူး ဓားပြဗိုလ် မင်းအောင်လှိုင်ဟာ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြည်သူအလိုမတူမှန်း သိပါလျက်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပဥ္စမမြောက်သက်တမ်းကို ဘယ်ဥပဒေနဲ့မှ မကိုက်ညီဘဲ အရှက်သိက္ခာမဲ့စွာ တိုးယူကြဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်ကိုယ်ဗီဇ ယုတ်ညံ့တဲ့အပြင် ပတ်ဝန်းကျင်ဆိုးကြီးအောက် ကိုယ်ကျင့်သီလပျက် အသိဉာဏ်နိမ့်ပါး၊ ကိုယ်ခံအား နည်းပါးလာတာကြောင့် အနာရောဂါအမျိုးမျိုး စွဲကပ်လာရင်း တနိုင်ငံလုံးက တိုင်းရင်းသားပြည်သူလူထုရဲ့ ဘုံရန်သူဘဝ ရောက်လို့ သဘာဝရန်သူတွေ များလာတာမို့ သက်တမ်းကုန်သွားတဲ့ စစ်ဓားပြဂိုဏ်းဟာ သူတို့တိုးယူမယ့် ပဉ္စမမြောက် ၆ လသက်တမ်း ကုန်သည်အထိတောင် ခံမယ်မထင်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013