DVB Logo
Home
မြန်မာသတင်း
ဂျပန်ငလျင်ကြောင့် မြန်မာနိုင်ငံသားအချို့ လုပ်ငန်းခွင် ရပ်နားထားရ
DVB
·
January 19, 2024
ဂျပန်ငလျင်ကြောင့် မြန်မာနိုင်ငံသားအချို့ လုပ်ငန်းခွင် ရပ်နားထားရ
Donate to DVB

ဂျပန်အလယ်ပိုင်းက နိုတိုကျွန်းဆွယ်မှာ နှစ်ဆန်း တရက်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ဒေသတွင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအချို့ လုပ်ငန်းခွင်တွေ ရပ်နားနေရတယ်လို့ သိရပါတယ်။

နနအိုမြို့က သင်တန်းသားအလုပ်သမား မပိုးဒါလီက  “သမီးတို့က နနအိုမြို့ကပါ။ ငလျင် အဓိလှုပ်ခဲ့တဲ့ ဒေသထဲက တခုပါ။ သမီးတို့က ရေထွက် စားသောက်ကုန် လုပ်ငန်းဆိုတော့ ရေ သုံးရပါတယ်။ အခုထိ ဒေသတွင်းမှာ သောက်သုံးရေကအစ မရသေးတော့ လုပ်ငန်းတွေ ရပ်ပြီးနားနေရပါတယ်” လို့  ပြောပါတယ်။

မူလတန်းကျောင်းမှာ ခိုလှုံခဲ့ရတဲ့ သူမက “သမီးတို့အလုပ်မှာက စုစုပေါင်း ၁၅ ယောက်လောက် ရှိတယ်။ လှုပ်တဲ့နေ့က ပိတ်ရက်မို့ စုပြီး စားသောက်နေကြတာ။ ငလျင်လှုပ်တော့ အစတော့ အရင်လိုပဲ ခဏနဲ့ ပြီးသွားမယ်ထင်တာ။ ဒါပေမဲ့ အရမ်းကြီး လှုပ်လာပြီး ဆူနာမီပါ လာမယ်ဆိုလို့ အားလုံးပဲ အပြင်ထွက်ပြီး ဂျပန်တွေ ပြေးတဲ့နောက် လိုက်ပြေးတာ၊ မူလတန်းကျောင်းလေးထဲမှာ စုပြီးခိုနေကြရပါတယ်။ နည်းနည်းစိတ်ချရလို့ အိမ်ပြန်ပစ္စည်းတွေ ပြန်ယူတော့ အိမ်ကတော့ နေလို့ မရအောင် ပျက်စီးသွားတယ်။ မူလတန်းကျောင်းမှာ ၁ ပတ်လောက် နေလိုက်ရတယ်” လို့ ပြောပါတယ်။

နေထိုင်ရာ အဆောင်က ပျက်စီးသွားတာကြောင့် အလုပ်ကုမ္ပဏီက စီစဉ်ပေးတဲ့  ဟိုတယ်တွေမှာ  ခဏနေထိုင်နေကြရပြီး အလုပ်လည်း ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အလုပ်နားနေချိန် ၈၀ ရာခိုင်းနှုန်းပေးမယ်လို့ ပြောကြောင်း၊ ပင်မကုမ္ပဏီ ပြန်မစခင် ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ အလုပ်တွေမှာ ရှေ့အပတ်ကစ ခဏ ဝင်လုပ်ရမယ်လို့ ပြောပါတယ်။

ဂျပန်အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့ ငလျင်ကြောင့် သေဆုံးခဲ့သူ အရေအတွက်ဟာ ၂၃၂ ဦး အထိ ရှိခဲ့ပြီး အိမ်ခြေ ၃ သောင်းနီးပါး ပျက်စီးခဲ့ပါတယ်။ 

ဒေသတွင်းအသက်ရှင်ကျန်ရစ်သူတွေဟာ လုပ်ငန်းတွေ အရင်အတိုင်း ပြန်ဖြစ်လာဖို့ ကြိုးပမ်းနေကြပေမဲ့ တချို့ကတော့ သူတို့ ခန့်မှန်းထားတာထက် ပိုမိုခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဂျပန်သတင်းဌာနတွေက ရေးသားဖော်ပြနေကြပါတယ်။

ဂျပန်အစိုးရကတော့ သင်တန်းသားအလုပ်သမားတွေ၊ တခြား နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ ငလျင်ကြောင့် အလုပ်တွေ ဆက်လုပ်ဖို့ အခက်အခဲကြုံနေရပါက သူတို့ရဲ့ အသိအမှတ်ပြုကတ်ပြားမှာ ဖော်ပြထားတဲ့ အလုပ်အမျိုးအစားမဟုတ်တဲ့ တခြားအလုပ်ကို ရှာဖွေ လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး အများဆုံး ၃ လအထိ အလုပ်သစ်ကို လုပ်နိုင်မှာ ဖြစ်ကြောင်း၊ အဲဒီကာလ ကျော်လွန်သွားပါက မူရင်း လုပ်ငန်းခွင်ကို ပြန်ဝင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013