DVB Logo
Home
မြန်မာသတင်း
ထားဝယ် DGRF တပ်ဖွဲ့က ရဲဘော် ၆၇ ဦး နုတ်ထွက်ပြီး ဗထူးတပ်မတော်သို့ ဝင်ရောက်
DVB
·
January 17, 2024
ထားဝယ် DGRF တပ်ဖွဲ့က ရဲဘော် ၆၇ ဦး နုတ်ထွက်ပြီး ဗထူးတပ်မတော်သို့ ဝင်ရောက်
Donate to DVB

ထားဝယ်မြို့နယ် အခြေစိုက် ပကဖတပ်ဖွဲ့တခုဖြစ်တဲ့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ကနေ တပ်ခွဲ ၃ ခုက ရဲဘော် ၆၇ ယောက် ဒီဇင်ဘာ ၃၁ ရက်က တပ်ဖွဲ့ကနေ နုတ်ထွက်သွားတယ်လို့ DGRF က ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

နုတ်ထွက်သွားတဲ့ ရဲဘော်တွေကတော့ ရဲဘော်နွန်ဖား ဦးဆောင်တဲ့တပ်ခွဲ ၂ က ရဲဘော် ၂၅ ယောက်၊ ရဲဘော်အာနိုး ဦးဆောင်တဲ့ တပ်ခွဲ ၃ က ရဲဘော် ၅ ယောက်၊ ရဲဘော် ဘိုးတော် ဦးဆောင်တဲ့ တပ်ခွဲ ၄ က ရဲဘော် ၃၇ ယောက် စုစုပေါင်း ၆၇ ယောက် ဖြစ်ပါတယ်။

ရဲဘော်တွေ နုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး DGRF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဓလေ့က "စစ်ကောင်စီကို ရှေ့ဆက်တော်လှန်သွားမယ်လို့ နုတ်ထွက်သွားတဲ့ ရဲဘော်တွေက ပြောပါတယ်။ ဘုံရန်သူကို တိုက်ခိုက်တော်လှန်နေတဲ့ အယူဝါဒချင်းတူနေတာကြောင့် ကျနော်တို့ Dawei Guerrilla Revolutionary Force-DGRF တပ်ဖွဲ့ကလည်း ရဲဘော်တွေရဲ့ စိတ်ဆန္ဒကို တားဆီးပိတ်ပင်ခြင်းမရှိဘဲ နုတ်ထွက်ခွင့်ပြုပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျ" လို့ ​ပြောပါတယ်။

နုတ်ထွက်သွားတဲ့ ရဲဘော်တွေဟာ အခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ထူထောင်လိုက်တဲ့ ဗထူးတပ်မတော်ကို ဝင်ရောက်သွားတာလို့ သူက ဆိုပါတယ်။

နုတ်ထွက်ရာမှာပါဝင်တဲ့ DGRF ရဲ့ပြန်ကြားရေးတာဝန်ခံဟောင်းဖြစ်သူ ကိုဆိုလိုက "အရင်ကတော့ DGRF တပ်ဖွဲ့ဝင်ပါ။ အခုကတော့ နုတ်ထွက်ထားပါတယ်။ DGRF နဲ့ ပတ်သက်တာ မေးမြန်းချင်ရင် အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်" လို့ပြောပါတယ်။

ဗထူးတပ်မတော်ကို ဝင်ရောက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ပြောကြားခြင်းမရှိပါဘူး။

ဇန်နဝါရီ ၁ ရက်က ထူထောင်လိုက်တဲ့ ဗထူးတပ်မတော်ဟာ ၂၀၂၂ ဖေဖော်ဝါရီလက ရေဖြူ၊ လောင်းလုံး၊ ထားဝယ်စတဲ့ ၃ မြို့နယ်ရှိ ပကဖ ၃ ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂ ခုတို့ စုပေါင်းထားတဲ့ ဗထူးစစ်ကြောင်းကနေ ပြောင်းလဲရပ်တည်လိုက်တာလို့ ဗထူးတပ်မတော်က ကြေညာထားပါတယ်။

ဗထူးတပ်မတော်ရဲ့ ကြေညာချက်အမှတ် ၁ မှာတော့ စစ်ရေးမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ကြောင်းပုံစံကနေ တပ်ပုံစံကို ပြောင်းလဲတာလို့ ဖော်ပြထားပါတယ်။

ဗထူးတပ်မတော်မှာ တပ်ရင်းမှူး တာဝန်ယူထားသူကတော့ ယခင် လောင်းလုံး ပကဖရဲ့ဒုတာဝန်ခံ မမကြီး ဆိုသူဖြစ်ပြီး မမကြီး ဟာ ဒလန်ရှင်းလင်းရေးနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရမှုကြောင့် တာဝန်ရပ်ဆိုင်းခံရကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒေသအခြေစိုက်မီဒီယာ Dawei Watch ကို ဖြေကြားထားပါတယ်။

DGRF အနေနဲ့ စစ်ကြောင်းကနေ တပ်အဖြစ် ပြောင်းလဲတဲ့ ဗထူးတပ်နဲ့ ဆက်လက်လက်တွဲဖို့ ရှိ မရှိ မေးမြန်းရာ ကိုဓလေ့က "NUG- MOD က ချမှတ်ထားတဲ့ စစ်စည်းကမ်းနဲ့အညီ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် ကျနော်တို့ Dawei Guerrilla Revolutionary Force-DGRF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လက်ခံပြီး ပူပေါင်းလုပ်ဆောင်ရမှာပါ ဟုတ်တယ်မလားဗျ။ ကျန်တာကတော့ စစ်ရေးအရ မြေပြင်အနေထားအရ လက်တွေ့ကြုံလာမှ ဘယ်လိုပုံစံဆိုတာကို ပြောလို့ရမှာပါဗျ" လို့ ဖြေကြားပါတယ်။

အခုလို ရဲဘော်တွေ အစုလိုက်အပြုံလိုက် နုတ်ထွက်တာဟာ ပြီးတဲ့နှစ် အောက်တိုဘာလက ထားဝယ်အရှေ့တောဒေသကာကွယ်ရေး EDF တပ်ဖွဲ့မှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

ထားဝယ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး စုပေါင်းအင်အားစုစစ်ကြောင်းအနေနဲ့ ဥဩစစ်ကြောင်း၊ ထားဝယ်စုပေါင်းစစ်ကြောင်း၊ သရက်ချောင်းမြို့နယ်မှာ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း နဲ့ ရေဖြူမြို့နယ်မှာ ကျားနက်စစ်ကြောင်းဆိုပြီး စစ်ကြောင်း ၄ ခု ကျန်ရှိပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013