DVB Logo
Home
ကျန်းမာရေး
ရာသီလာစဉ် နာကျင် (သို့) ဗိုက်အောင့်ရင် ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ
DVB
·
January 17, 2024
ရာသီလာစဉ် နာကျင် (သို့) ဗိုက်အောင့်ရင် ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ
Donate to DVB

ရာသီလာချိန်မှာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဓမ္မတာလာနေသူတွေရဲ့ ထက်ဝက်ကျော်ဟာ  တလကို သုံးရက်အထိ နာကျင်ကိုက်ခဲလေ့ရှိပြီး ဝမ်းဗိုက်အောက်ပိုင်းမှာ ထုံကျင်ခြင်း ဒါမှမဟုတ် ကြွက်တက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

အန်ခြင်း၊ လေတက်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်းနဲ့ လေနာခြင်းတွေဟာ ရာသီလာချိန်ဝန်းကျင်မှာ အဖြစ်များတဲ့ အစာခြေစနစ် ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။

ရာသီလာချိန် ကိုက်ခဲခြင်းအတွက် ကုသနည်းများစွာရှိပြီး ဆေးပညာအရ Dysmenorrhoea လို့ သိကြပါတယ်။ ကုသမှုအားလုံးက‌တော့ လူတိုင်းအတွက် အလုပ်မဖြစ်ပါဘူး။

ဒီဆောင်းပါးမှာတော့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လွှမ်းမိုးတဲ့ အစားအစာရဲ့ အခန်းကဏ္ဍအကြောင်းကို လေ့လာနေတဲ့ အရည်အသွေးမြင့် သုတေသနကို အခြေခံပြီး ရာသီလာစဉ် နာကျင်ခြင်း ဒါမှမဟုတ် ဗိုက်အောင့်တာတွေကို သက်သာစေနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါဝင်သော အစားအစာများ

ချီယာစေ့၊ သစ်ကြားသီး၊ နှမ်းဆန်စေ့၊ ဆော်လမွန်ငါး၊ ငါးသေတ္တာ၊ မက်ကရယ်၊ ကမာကောင်နဲ့ အီဒါမီစေ့တွေဟာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ဟာ ငါး၊ ငါးကြီးအသည်း၊ ရေညှိ၊ ပုစွန်ဆိတ်၊ ငါးကြီးဆီ၊ ပဲပုပ် အပါအဝင် အဆီတွေမှာ သဘာဝအတိုင်း ရရှိနေပါတယ်။

အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေဟာ ခန္ဓာကိုယ်ဆဲလ်‌တွေ လုပ်ဆောင်ပုံ၊ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းဆိုင်ရာ အချက်ပြလမ်းကြောင်း‌တွေကို အကျိုးသက်ရောက်စေပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်းမှာ သုတေသီတွေဟာ ရာသီလာစဉ် နာကျင်မှုအပေါ် အိုမီဂါ-၃ ဖက်တီးအက်ဆစ်ရဲ့ သက်ရောက်မှုအပေါ် ရရှိနိုင်တဲ့ အချက်အလက်အားလုံးကို ပေါင်းစပ်ကာ ခွဲခြမ်းစိတ်ဖြာတဲ့ မက်တာခွဲခြမ်းစိတ်ဖြာမှုကို ထုတ်ပြန်ခဲ့ပါတယ်။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (တနေ့လျှင် ၃၀၀-၁,၈၀၀ မီလီဂရမ် ဖြည့်စွက်စာများ အပါအဝင်) စားသုံးခြင်းဟာ ၂ လမှ ၃ လအတွင်း နာကျင်မှုကို သက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲတဲ့ ရာသီလာနေသူတွေမှာလည်း နာကျင်မှုကို သက်သာစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဗီတာမင် D မြင့်မားသော အစားအစာများ

ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေမှာတော့ ငါးအသည်းဆီများ၊ ဆော်လမွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်တို့ ပါဝင်ပါတယ်။ ပမာဏအနည်းငယ်ကို အမဲသားအသည်း၊ ကြက်ဥအနှစ်နဲ့ ဒိန်ခဲမှာ တွေ့ရှိနိုင်ပါတယ်။ မှိုတွေမှာ ဗီတာမင် D ပမာဏ အမျိုးမျိုးပါဝင်ပြီး နေ့လယ်ခင်း နေရောင်ခြည်ကို ၂၅ မိနစ်ကနေ ၁၂၀ မိနစ်ကြာ ထိတွေ့ပေးခြင်းအားဖြင့်လည်း ဗီတာမင် - D ကို မြှင့်တင်နိုင်ပါတယ်။

နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ဗီတာမင် D ကို ဖန်တီးပေးနိုင်တဲ့အပြင် ဖြည့်စွက်စာတွေကနေလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။

ဗီတာမင် D ဟာ သားအိမ်အတွင်း ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင် D မှာ prostaglandins လို့ခေါ်တဲ့ ဟော်မုန်းနဲ့တူတဲ့ မော်လီကျူးအဆင့်တွေ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ် မက်တာ ခွဲခြမ်းစိတ်ဖြာမှုမှာဆိုရင် အပတ်စဉ် ဗီတာမင်-D ပမာဏ ၅၀,၀၀၀ အိုင်ယူကို ရရှိတဲ့ အမျိုးသမီးတွေဟာ ရာသီလာချိန် ကိုက်ခဲခြင်းက သက်သာရာရကြောင်း ပြသခဲ့ပါတယ်။

ဗီတာမင် E များသော အစားအစာများ

ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစေ့များ (အထူးသဖြင့် နေကြာစေ့များ)၊ အခွံမာသီးများ (အထူးသဖြင့် ဗာဒံစေ့၊ သစ်အယ်စေ့နဲ့ မြေပဲ) နဲ့ ဟင်းနုနွယ်ရွက်၊ ဘရိုကိုလီ၊ ကီဝီသီး၊ သရက်သီးနဲ့ ခရမ်းချဉ်သီးတွေ ဖြစ်ပါတယ်။

ဗီတာမင် E ဖြည့်စွက်ဆေးတွေဟာ ရာသီလာစဉ် နာကျင်မှုကို သက်သာစေကြောင်း အထောက်အထားအချို့ ရှိပါတယ်။ ရာသီလာချိန် လေးခုအတွင်း ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု တခုမှာ အမျိုးသမီးတွေဟာ ရာသီစက်ဝန်း မစတင်မီ နှစ်ရက်အလိုမှာ ဗီတာမင် E ဖြည့်စွက်စာ (၉၀ မီလီဂရမ်၊ တစ်နေ့လျှင် ၂ကြိမ်) ကို ၅ ရက်ကြာ သောက်ခဲ့ပါတယ်။ ဒါဟာ ရာသီလာစဉ် နာကျင်မှုကို သိသိသာသာ လျှော့ချပေးတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ရာသီလာစဉ် နာကျင်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်းကို ပိုဆိုးစေတဲ့ အစားအစာများ

အလွန်ပြုပြင်ထားသောအစားအစာများ

မြင့်မားစွာ ပြုပြင်ထားတဲ့ အစားအစာတွေမှာတော့ စွမ်းအင်သိပ်သည်းတဲ့၊ အာဟာရချို့တဲ့တဲ့ အစားအစာတွေဖြစ်တဲ့ ပါဆယ်၊ အသားပြား‌တွေ၊ ဘီစကွတ်၊ ဒိုးနပ်၊ ပြုပြင်ထားတဲ့ အသားတွေနဲ့ အချိုရည်တွေ ပါဝင်ပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ ပတ်သက်လို့ ပြုပြင်ထားတဲ့ အစားအသောက်တွေရဲ့ သက်ရောက်မှုအပေါ် သုတေသန တွေ့ရှိချက်တွေက ကွဲပြားပါတယ်။ ၂၀၂၀ ပြည့်နှစ် သုံးသပ်ချက် တခုမှာတော့ သကြား စားသုံးမှုဟာ နာကျင်တဲ့ ရာသီစက်ဝန်းနဲ့ ဆက်စပ်မှု အနည်းငယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က လေ့လာမှုတခုမှာတော့ ဆယ်ကျော်သက် အမျိုးသမီးတွေဟာ အသင့်စား အစားအစာကို တပတ် ၂ ရက် သို့မဟုတ် အဲဒီထက်ပိုစားရင် ရာသီလာချိန် ကိုက်ခဲမှု ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားတာဟာ ဆင်ခြင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

ကဖိန်းဓာတ်

ကဖိန်းဓာတ်များတဲ့ အစားအစာတွေမှာတော့ ကော်ဖီ၊ အားဖြည့်အချိုရည်တွေနဲ့ ပြုပြင်ထားတဲ့ စွမ်းအင်ပုံစံအချို့ ပါဝင်ပါတယ်။ ကဖိန်းဓာတ် စားသုံးခြင်းဟာ ရာသီလာစဉ် နာကျင်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။

အရင်းခံယန္တရားကို အတိအကျ မသိ‌ပေမဲ့ ကဖိန်းဓာတ်ဟာ သွေးကြောတွေကို ကျဉ်းစေကာ ဗိုက်အောင့်ခြင်းကို ပိုပြင်းထန်စေတယ်လို့ သုတေသီတွေက ယူဆကြပါတယ်။

အရက်

အရက်သောက်ခြင်းဟာ နာကျင်ကိုက်ခဲတဲ့ ရာသီစက်ဝန်းအတွက် အသိအမှတ်ပြုနိုင်ခြေရှိတဲ့ အချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းဟာ သွေးတွင်း မဂ္ဂနီဆီယမ်ပမာဏကို လျော့နည်းစေပါတယ်။ မဂ္ဂနီဆီယမ်ဟာ ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကို အထောက်အပံ့ဖြစ်စေဖို့ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ အစားအသောက်က သင့်အတွက် အကောင်းဆုံးပါပဲ။

ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ အစားအစာ ရှိခြင်းဟာ ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီး နောင်လာမယ့် နာတာရှည်အခြေအနေတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တခုဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး နာကျင်ကိုက်ခဲတဲ့ ရာသီစက်ဝန်း ရှိသူတွေအတွက် အစားအသောက်ကို ဆင်ခြင်စားသုံးခြင်းဟာ အဓိကနည်းလမ်းအဖြစ် ယူဆနိုင်ပါတယ်။

အကယ်၍ သင်ဟာ အံဝင်ခွင်ကျဖြစ်တဲ့ အစားအသောက် အကြံဉာဏ် သို့မဟုတ် ရာသီကျန်းမာရေးအတွက် အစားအသောက် အစီအစဉ်ကို ရှာဖွေနေပါက အသိအမှတ်ပြုထားတဲ့ အစားအသောက်ပညာရှင်နဲ့ ဆွေးနွေးပါ။

ဒါပေမဲ့ အစားအသောက်တခုတည်းက ရာသီလာချိန်ကိုက်ခဲမှု ပုံစံအားလုံးကို မကုသနိုင်ပါဘူး။ စိတ်ဖိစီးမှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ရာသီလာချိန်တွေ နာကျင်မှာ စိုးရိမ်ရင် ဆွေးနွေးနိုင်တဲ့ ဆရာဝန်နဲ့ စစ်ဆေးပါ။

ဘာသာပြန်- လီလီ

Source: The conversation

( The conversation ဝက်ဆိုက်မှာ ကျန်းမာရေးပညာရှင်တွေဖြစ်ကြတဲ့  Lauren Ball၊  Emily Burch နဲ့ Pui Ting Wong တို့ ရေးသားထားတဲ့  “Got period pain or cramps? What to eat and avoid, according to science” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013