DVB Logo
Home
မြန်မာသတင်း
အေမီဈာန်၊ ဖူးပွင့်ခိုင် အပါအဝင် မြန်မာ ၃၀ ခန့် ပြန်မလွတ်သေး၊  မလေးရှား၌ အမှုရင်ဆိုင်ရနိုင်
DVB
·
January 15, 2024
အေမီဈာန်၊ ဖူးပွင့်ခိုင် အပါအဝင် မြန်မာ ၃၀ ခန့် ပြန်မလွတ်သေး၊  မလေးရှား၌ အမှုရင်ဆိုင်ရနိုင်
Donate to DVB

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော် အေမီဈာန်၊ မော်ဒယ် ဖူးပွင့်ခိုင်နဲ့ ဒီဂျေသမား ZOO3Y  အပါအဝင် ပွဲစီစဉ်သူတွေနဲ့ မြန်မာတွေ အယောက် ၃၀ လောက် မလွတ်မြောက်သေးဘဲ ခွင့်ပြုချက်မရှိဘဲ သီဆိုဖျော်ဖြေမှုနဲ့ အမှုရင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့မှာရှိတဲ့ Royce Luxury Night Club မှာ ဇန်နဝါရီ ၁၄ ရက် မနက် ၅ နာရီလောက်က မလေးရှားရဲတွေဟာ အော်ပရာစီလို့ ခေါ်တဲ့ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဝင်ရောက် စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ နိုက်ကလပ်မှာ မြန်မာနိုင်ငံကနေ လာရောက်ဖျော်ဖြေတဲ့ အေမီဈာန်၊ ဆက်ဆီ မော်ဒယ် ဖူးပွင့်ခိုင်နဲ့ ဒီဂျေသမားတယောက်တို့ ပါဝင်ပြီး သူတို့နဲ့အတူ ပွဲစီစဉ်သူတွေ၊ ဆိုင်ရှင်တွေနဲ့ ပွဲလာရောက်တဲ့ မြန်မာတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

ဇန်နဝါရီ ၁၅ ရက်အထိ နောက်ဆုံးသိရှိချက်အရ ဖမ်းဆီးခံရသူတွေထဲ အထောက်အထား အပြည့်အစုံရှိသူတွေ ပြန်လွတ်မြောက်လာပေမယ့် အေမီဈာန်၊ ဖူးပွင့်ခိုင်နဲ့ ဒီဂျေသမားတို့ အပါအဝင် ပွဲစီစဉ်သူတွေနဲ့ မြန်မာ အယောက် ၃၀ လောက် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။

NLD- LA- Malaysia ရုံး တာဝန်ခံ ကိုစိုးထက်သိန်းက “အဆိုတော် အေမီဈာန်နဲ့ ဖူးပွင့်ခိုင်ရယ်၊ ဒီဂျေ ZOO3Y ရယ် သူတို့ သုံးယောက်ကို မလေးရှားရဲက စစ်ဆေးနေတယ်။ စစ်ဆေးနေတာက သူတို့ ဝင်လာတဲ့ ဗီဇာက ပါဖောမန့်တို့၊ အင်တာတိန်းမန့်တို့အတွက် မဟုတ်ဘူး။ ရိုးရိုး အလည်ဗီဇာပဲ။ အဲဒါကို သူတို့က ရှိုးပွဲလုပ်တဲ့ အတိုင်းအတာဖြစ်တဲ့အတွက် အဲဒီအတွက် ခေါ်ယူ စစ်ဆေးနေတယ်။ ပြီးတော့ ပွဲစီစဉ်သူတွေလည်း အခုချိန်ထိ ပြန်မလွတ်သေးဘူး။ ပွဲစီစဉ်သူတွေနဲ့ အဲဒီနယ်မြေမှာရှိတဲ့ အသင်းအဖွဲ့ခေါင်းဆောင်တွေပါတယ်။ ပြီးတော့ KL က ဆိုင်ပိုင်ရှင်အချို့ရယ်၊ သူတို့တွေကို အခုထိ ရဲက ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အော်ပရာစီ ဖမ်းဆီးခံရမှုမှာ ပါဝင်တဲ့ မြန်မာအနုပညာရှင်တွေဟာ မလေးရှားနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ လာရောက် တာဖြစ်ပြီး၊ အထောက်အထား ရှိတယ်ဆိုပေမဲ့ ပွဲမိန့်နဲ့ သီဆို ဖျော်ဖြေတာမျိုး မဟုတ်ရင် မလေးရှားတရားရုံးမှာ အမှုရင်ဆိုင်နိုင်ရနိုင်တယ်လို့ မလေးရှားရောက် မြန်မာအရေး ကူညီပေးသူတွေက ပြောပါတယ်။

လက်ရှိ မလေးရှားနိုင်ငံမှာ နိုင်ငံရေး လှုပ်လှုပ်ခတ်ခတ် ကာလလည်းဖြစ်နေပြီး ၂၀၂၃ ဒီဇင်ဘာလအတွင်းက စတင်ကာ ၂၀၂၄ ဇန်နဝါရီလအထိ တလတာအတွင်း မလေးရှားနိုင်ငံ နေရာအနှံ့ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားတွေကို အော်ပရာစီ စစ်ဆင်ရေးနဲ့ ဝင်ရောက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

အခု လာရောက် ဖျော်ဖြေသူတွေက သပိတ်မှောက်ရမယ့် အနုပညာရှင်တွေ ဖြစ်တာကြောင့် ဒီလို ဖျော်ဖြေပွဲမျိုးတွေ အားမပေးကြဖို့လည်း မလေးရောက် နွေဦးတော်လှန်ရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

“အေမီဈာန်တို့ ဖူးပွင့်ခိုင်တို့ဆိုတာက ကျနော်တို့အနေနဲ့ Boycott လုပ်ရမယ့် အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ တော်လှန်ရေး အသိုက်အဝန်းက တောက်လျှောက် ပို့စ်တွေ တင်ပြီးတော့ ပြောခဲ့ပါတယ်။ ဒါကြီးက Boycott လုပ်ရမှာပါ။ အားပေးထောက်ခံရမှာ မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ဒေါက်တိုင် မှန်သမျှကို ဖြိုဖျက်ရမှာပါ။ ဒါပေမဲ့ ဒီထဲမှာ ခွထိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့က တော်လှန်ရေးကို လှူဒါန်းထားတယ်ဆိုပြီး အကြောင်းပြ ဗန်းပြပြီးတော့ စစ်ကောင်စီ အားပေးထောက်ခံနေတဲ့ အနုပညာရှင်တွေနဲ့ စီးပွားရှာနေတယ်။ ဒါတွေကိုလည်း ကျနော်တို့ မလေးရောက် မြန်မာတွေအနေနဲ့ ပါးပါးနပ်နပ် ရှောင်ရှားကြဖို့ အကြံပေးချင်တယ်။”

၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာ အရေအတွက် ၁၀၀၀ ကျော် ရှိတယ်လို့ မလေးရှားရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၂ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူပြည်နယ်နဲ့ ဆီလန်ဂါပြည်နယ်တို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄၈ ယောက်ကို ဖမ်းဆီးရမိခဲ့သလို၊ ဇန်နဝါရီ ၆ ရက်ကလည်း ကီလန်တန်ပြည်နယ်မှာ တရားမဝင် နေထိုင်တဲ့ မြန်မာ ၁၂၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013