DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ နယ်စပ်အခြေအနေကို စိုးရိမ်၊ အနီးကပ်စောင့်ကြည့်နေဟု အိန္ဒိယတပ်ချုပ်ပြော
DVB
·
January 13, 2024
အိန္ဒိယ-မြန်မာ နယ်စပ်အခြေအနေကို စိုးရိမ်၊ အနီးကပ်စောင့်ကြည့်နေဟု အိန္ဒိယတပ်ချုပ်ပြော
Donate to DVB

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်က တော်လှန်ရေးတပ်သားတွေနဲ့  မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ရိုက်ခတ်လာမယ့် နောက်ဆက်တွဲတွေကို စိုးရိမ်မိကြောင်းနဲ့ နယ်စပ်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အိန္ဒိယတပ်မတော် ဦးစီးချုပ်က ပြောပါတယ်။ 

ဇန်နဝါရီ ၁၅ ရက် နေ့မှာ ကျရောက်မယ့် အိန္ဒိယ တပ်မတော်နေ့ မတိုင်မီ ဇန်နဝါရီ ၁၁ ရက်က နယူးဒေလီမြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မန်နုဂျ်ပန်ဒေးက ပြောကြားခဲ့တာလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်ကြီး မန်နုဂျ်ပန်ဒေးက "ကျနော်တို့ဘက် မဏိပူရပြည်နယ်ထဲကို ထွက်ပြေးလာတဲ့ တော်လှန်ရေးအဖွဲ့ တချို့လည်းရှိပါတယ်။  မဏိပူရရဲ့ အခြေအနေကို နဂိုတည်းက ကျနော်တို့ အနီးကပ်စောင့်ကြည့်နေရတာဆိုတော့ ပိုပြီးတော့ အာရုံစိုက်စရာဖြစ်လာပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ ၂၀ နီးပါးကို တာဝန်ချထားပါတယ်။ နယ်စပ်တလျှောက်မှာ ကျတို့ဘက်က ခြံစည်းရိုးကာဖို့ ဆွေးနွေးနေပါတယ်” လို့ ပြောပါတယ်။

ဒါ့ပြင် အိန္ဒိယဘက်ကို ဝင်ရောက်ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီရဲ့ စစ်သားတွေရှိသလို ဘူတန်နိုင်ငံသားတွေလည်း ရှိတယ်လို့  အိန္ဒိယတပ်ချုပ်က ပြောပါတယ်။

“အိန္ဒိယအာဏာပိုင်တွေက မြန်မာစစ်သားအဖွဲ့တွေ နယ်စပ်ဖြတ်ကျော်လာပြီး ရက်ပိုင်း အတွင်းမှာပဲ သူတို့ကို မြန်မာဘက် ပြန်လည်ပေးပို့ အပ်နှံနေပါတယ်။”

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီတပ်တွေတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ ပြီးခဲ့တဲ့နှစ်လအတွင်းမှာ လုံခြုံစွာ ကာရံတားဆီးထားခြင်းမရှိတဲ့ နယ်စပ်ကနေတဆင့် အိန္ဒိယထဲကို ဝင်ရောက်လာတဲ့ မြန်မာစစ်သား ၄၁၆ ယောက်ရှိပြီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ လည်း ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ပြီး နယ်မြေတချို့နဲ့ စစ်စခန်းအချို့ကို သိမ်းယူနိုင်ခဲ့ကာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ အများအပြား အိန္ဒိယဘက် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ 

နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့  ရိခေါဒါရ်မြို့ကို  ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

Source: NDTV/Times of India/ HindustanTimes

Photo Credit-PTI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013