DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင်တိုက်ပွဲပြင်းထန်၊ စစ်တွေမြို့နယ်၌ စစ်ကား ၁စီး မိုင်းဆွဲ တိုက်ခိုက်ခံရ
DVB
·
January 11, 2024
ပလက်ဝတွင်တိုက်ပွဲပြင်းထန်၊ စစ်တွေမြို့နယ်၌ စစ်ကား ၁စီး မိုင်းဆွဲ တိုက်ခိုက်ခံရ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ခလရ ၂၈၉ တပ်ရင်းနဲ့ မီးဝဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော် (အေအေ)က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေပါတယ်။

ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီက မီးဝကျေးရွာအတွင်းကို လေကြောင်းက ပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“မီးဝနဲ့ ၂၈၉ တပ်ရင်းမှာ ဒီနေ့လည်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီးတော့ နောက်ထပ် ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်သတင်းတွေကြားတယ်။”

ပလက်ဝမြို့အရှေ့ဘက်ရှိ ခလရ ၂၈၉ တပ်ရင်းလည်း ရက္ခိုင့်တပ်တော်ရဲ့ တိုက်ခိုက်ခံနေရပြီး အပြင်းအထန် ခုခံနေရတယ်လို့ မြေပြင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပလက်ဝမြို့က အဓိကဗျူဟာကုန်း ၃ ခု အပါအဝင် တပ်စခန်း ၂၂ ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မီးဝဗျူဟာကုန်းဟာ ကျောက်တော်နဲ့ ပလက်ဝနယ်စပ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်နေချိန် ပလက်ဝမြို့နယ်ကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

ပလက်ဝဒေသတခုလုံး စစ်ကောင်စီကင်းစင်တဲ့နယ်မြေ ဖြစ်လာနိုင်ရေးအတွက် ပလက်ဝမြို့ ပတ်ဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းတွေကို ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်တွေမြို့နယ်မှာတော့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက စစ်ကားတစီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ အများအပြားဒဏ်ရာ ရခဲ့တယ်လို့ အေအေနဲ့နီးစပ်သူတွေဆီကနေက သိရပါတယ်။

စစ်တွေမြို့နယ် ကံပြင်ရွာအဝင်ဝမှာ ဇန်နဝါ ၁၁ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ရက္ခိုင့်တပ်တော် အေအေက မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ အေအေနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ကားပေါ်မှာ စစ်သည် ၃၀ ကျော်လောက် လိုက်ပါလာတာ ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၄ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ညနေ ၃ နာရီ ၄၈ မိနစ်လောက်မှာ ကံပြင်ရွာနဲ့ သုံးဆောင်ကျေးရွာက ရွာသား အားလုံးကို ဖမ်းဆီးပြီး ကံပြင်ဘုန်းကြီးကျောင်းထဲမှာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“စစ်သားတွေက ရွာထဲမှာရှိတဲ့ ယောကျာ်းတွေ အားလုံးကို ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးသွားတာ။ အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ လက်ရှိအချိန်မှာတော့ ဘုန်းကြီးကျောင်းထဲမှာ စစ်ကြောရေးလုပ်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013