DVB Logo
Home
မြန်မာသတင်း
HIV ကြိုတင်ကာကွယ်နိုင်သည့်  PrEP ဆေးဝါး အလွယ်တကူ မရနိုင်သေး 
DVB
·
January 11, 2024
HIV ကြိုတင်ကာကွယ်နိုင်သည့်  PrEP ဆေးဝါး အလွယ်တကူ မရနိုင်သေး 
Donate to DVB

HIV ပိုးကူးစက်မှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ PrEP ဆေးဝါးတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ် ပြန့်ပြန့်အလွယ်တကူ ဝယ်ယူရနိုင်ဖို့ အခက်အခဲရှိနေသလို ဈေးနှုန်းမြင့်မားတဲ့အတွက် လူတိုင်းဝယ်သောက်ဖို့ မလွယ်ကူနိုင်သေးဘူးလို့ ဆေးသောက်သုံးနေသူတွေနဲ့ ဆရာဝန်တွေက ပြောပါတယ်။ 

HIV ပိုးကူးစက်မှုကနေ ကြိုတင်ကာကွယ်ပေးနိုင်တဲ့ PrEP (Pre-Exposure Prophylaxis)  ဆေးဝါးက တခြား HIV ဆေးတွေဖြစ်တဲ့ ART ဆေးတွေလိုမျိုး လွယ်လင့်တကူ ရယူနိုင်တာမျိုးမဟုတ်ဘဲ ဆရာဝန်ညွန်ကြားချက်နဲ့အတူ သက်ဆိုင်ရာ ဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းတွေမှာသာ ရယူနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

PrEP ဆေးဝါးက တခြား HIV ဆေးတွေလို ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူမရနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တယ်လီကျန်းမာ TeleRed HIV clinic က ဆရာဝန်က  ပြောပါတယ်။

“PrEP ကကျတော့ ပိုးတော့ ဝင်မလာသေးဘူး၊ ဒါပေမဲ့ သူက သူများတွေထက် ဝင်နိုင်ခြေမြင့်နေတယ် မဝင်လာအောင် ကာကွယ်ပေးတဲ့ သဘောပေါ့။ အဓိကကတော့ သူက PrEP သောက်မယ့်သူက HIV ပိုး negative ဖြစ်ဖို့တော့လိုတယ်။ ဆေးမသောက်ခင်မှာ ပိုးကို သေချာစစ်ဆေးတာမျိုးလုပ်ရမယ်ပေါ့၊ ဆေးက ရှိတော့ ရှိတယ်။ ဈေးကွက်တွေထဲမှာ ဒါပေမဲ့ service ပေးတဲ့ စင်တာတွေထဲမှာ ART လိုမျိုး HIV ပေါ့စတစ်ဖြစ်ပြီဆိုတာနဲ့ အခမဲ့ ရနိုင်တာမျိုးတော့ ရှားတယ်ပေါ့။ PrEPက ART လိုမျိုး ကျယ်ကျယ်ပြန့်ပြန့် အခမဲ့မရဘူး၊ ဒါပေမဲ့ ဝယ်သောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝယ်လို့ရတာမျိုးတော့ ရှိတယ်။”

PrEP ဆေးကို အဓိက ရည်ရွယ်အုပ်စုတွေဖြစ်တဲ့ လိင်တူဆက်ဆံသူတွေ၊ လိင်လုပ်သားတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေအနေနဲ့ ကြိုတင်သောက်သုံးဖို့လည်း အကြံပြုညွန်ကြားပါတယ်။

PrEP ဆေးကို ပုံမှန်သောက်သုံးနေတဲ့ လူငယ်အများစုကတော့ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတွေမှာ အခမဲ့ ဒါမှမဟုတ် စရိတ်မျှပေးနဲ့ ရယူနေကြတယ်လို့ သိရပါတယ်။

PrEP ဆေးကို တလတခါ သွားထုတ်ရတဲ့အတွက် ဝေးလံတဲ့ ဒေသက သူအတွက်တော့ အခက်အခဲအနည်းငယ်ရှိတယ်လို့ PrEP ဆေးဝါး ပုံမှန်သောက်သုံးသူ တစ်ယောက်က ပြောပါတယ်။

“ကျနော်ကတော့ ရာနှုန်းပြည့် စိတ်ချယုံကြည်တယ်လို့ ပြောရမှာပေါ့။ ကျနော်ကိုယ်တိုင်လက်ရှိ သောက်နေတဲ့သူဆိုတော့လေ ဆေးယူရတာခက်တာမျိုးတော့မရှိပေမဲ့ ခရီးလမ်းက ဝေးတော့ ကိုယ့်ဖာသာကိုယ် သွားယူတဲ့ အချိန်မျိုးမှာ ခရီးလမ်းဖင့်တာမျိုးတော့ရှိတယ်။ ဟိုးရှေးတုန်းကတော့ သူက ဘယ်လိုပေးလဲတော့မသိဘူး။ ပုံမှန်‌တော့ ၃ လစာစီပေးတယ်။ ဆေးပြတ်သွားတဲ့အခါလောက်မှာပဲ သူက ၁ လစာပေးတာ။ ကျနော်တုန်းကတော့ တလစာပဲ ပေးလို့ တလကုန်တာနဲ့ သွားထုတ်ရတယ်ဗျ။”

စစ်ကောင်စီက INGO နဲ့ NGO တွေကို လမ်းပန်းဆက်သွယ်သွားလာရာမှာ ကန့်သတ်ထားတာကြောင့် ဆေးဝါးတွေ သယ်ယူမှုတွေမှာ အခက်အခဲတွေကြုံနေရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက HIV ဆေးဝါးတွေအပြင် TB နဲ့ နာတာရှည်ရောဂါဆေးတွေကို သယ်ယူခွင့် ကန့်သတ်ထားတာတယ်လို့ ကျန်းမာရေးဆိုင်ရာ NGO ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

PrEP ဆေးဝါး က HIV ပိုး ကူးစက်တဲ့နေရာမှာ ၁၀၀ ရာနှုန်းနီးပါးကို ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်ပေမဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေနဲ့ ကိုယ်ဝန်ကိုမရအောင် မတားဆီးပေးနိုင်ဘူးလို့ သိရပါတယ်။

တချို့ ဆေးရုံ ဆေးခန်းတွေမှာတော့ ဆရာဝန်ညွန်ကြားချက်နဲ့ ဝယ်ယူရနိုင်ပေမဲ့ ဈေးမြင့်မားတဲ့အတွက် သာမန်လူတန်းစားတွေအနေနဲ့က ဝယ်သောက်ဖို့ မလွယ်ကူနိုင်ဘူးလို့ ဆေးသောက်သုံးနေသူတွေက ပြောပါတယ်။

HIV ဆေးတွေက အမျိုးအစားပေါင်း ၃၀ ကျော်ရှိပေမယ့် အကြမ်းဖျင်းအားဖြင့် ပိုးမကူးအောင် ကြိုတင်သောက်သုံးရတဲ့ PEP ၊ PrEP , HIV ပိုးကူးစက်ပြီး ထိန်းချုပ်ပေးတဲ့  ART ဆေးနဲ့ မိခင်ကနေ ကလေးကို မကူးစက်အောင် သောက်သုံးရတဲ့ PMTCT ဆေးဝါး စသဖြင့် လေးမျိုး ခွဲခြားထားတယ်လို့ သိရပါတယ်။ 

PrEP ဆေးနဲ့ တခြားသော HIV ဆေးဝါးတွေကို လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ပတ်သပ်လို့ ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတွေမှာ ဆေးစစ်ပီး အခမဲ့ ရယူနိုင်တယ်လို့လည်း သိရပါတယ်။

ဝေဝေ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013