DVB Logo
Home
နိုင်ငံတကာ
ထိုင်းလူငယ်များအကြား HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာ
DVB
·
February 18, 2026
ထိုင်းလူငယ်များအကြား HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာ
Donate to DVB

ထိုင်းနိုင်ငံမှာ လူငယ်တွေအကြား HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာနေတဲ့ အကြောင်း ဖောဖော်ဝါရီ ၁၇ ရက်ထုတ် Bangkok Postသတင်းမှာ ဖော်ပြပါတယ်။

ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံး၊ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ဆောင်ယော့စ်ခမ်ချိုင်းက လူငယ်လူရွယ်တွေကြား HIV ကူးစက်မှုက စိုးရိမ်ဖွယ်ရာ ကိစ္စရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေး ဦးစီးဌာန ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ်က တနိုင်ငံလုံးမှာ HIV ကူးစက်ခံရသူအသစ် ၁၃,၃၅၇ ယောက်ကို ရောဂါရှာ ဖွေတွေ့ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ HIV နဲ့ ရှင်သန်နေထိုင်သူ စုစုပေါင်း ၅၄၇,၅၅၆ ယောက် ရှိလာပြီလို့ ဆိုပါတယ်။

ကူးစက်မှုအသစ်တွေရဲ့ ၃၅ ရာခိုင်နှုန်းက အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်တွေ ဖြစ်ကြပြီး ကူးစက်မှုရဲ့ ၉၆ ဒသမ ၄ ရာခိုင်နှုန်းက အကာအကွယ်မဲ့ လိင်ဆက်ဆံမှုနဲ့ ဆက်စပ်နေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ HIV ကူးစက်မှုအသစ်တွေရဲ့ သုံးပုံတပုံကျော်မှာ လူ ငယ်တွေဖြစ်ကြောင်း အစိုးရ အချက်အလက်တွေက ဖော်ပြပြီးနောက် နှစ်စဉ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဒုံးနေ့မတိုင်မီ ပြီးခဲ့တဲ့ အပတ်က "Just Use It" (သုံးရုံပဲ) ကမ်ပိန်းကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီကမ်ပိန်းက HIV၊ တခြားလိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ (STIs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ရစေတာမျိုးတွေကို ကာကွယ်ဖို့ လူငယ်တွေကြား ကွန်ဒုံးအသုံးပြုမှုနဲ့ ဘေးကင်းတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်ကတော့ HIV ကုးစက်မှုနှုန်းများတဲ့ ဒေသထဲ ပါဝင်သလို ပြီးခဲ့တဲ့နှစ်က HIV ကူးစက်မှုအသစ် ၇၃၁ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး ခရိုင်အတွင်း HIV နဲ့  ရှင်သန်နေထိုင်သူ ၂၂,၃၈၇ ယောက်ရှိပြီး အဲဒီထဲက ၂၁,၅၇၆ ယောက် ကတော့ အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကနေတဆင့် HIV ခုခံအားကျဆင်းမှု ထိန်းချုပ်ဆေး (ART) ကို ရယူကုသနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကနေ အခုနှစ်၊ ဇန်နဝါရီလအတွင်း ချင်းမိုင်မှာ HIV ကူးစက်သူသစ် ၁၇၃ ယောက်လောက် ထပ်မံတွေ့ရှိလာနိုင်ကြောင်းနဲ့ တလကို ပျမ်းမျှ ၄၄ ယောက်နှုန်းရှိနေကြောင်း အာဏာပိုင်တွေက ခန့်မှန်းသလို လက်ရှိ တွေ့ရှိထားသူတွေထဲက ၁၆၀ ကတော့ ART ဆေး စတင်သောက်သုံးနေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး တာဝန်ရှိသူတွေက တခြားလိင်မှုဆိုင်ရာ ရောဂါတွေ၊ အထူးသဖြင့် ဆစ်ဖလစ်ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်လာတာက ကာကွယ်မှုဆိုင်ရာ အပြုအမူတွေမှာ ဟာကွက်တွေ ရှိနေသေးကြောင်း ဖော်ပြနေတယ်လို့ ပြောလိုက်ပါတယ်။

ဆောင်ယော့စ်က "ကျနော်တို့ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်ရေး ကမ်ပိန်းတွေကို အရှိန်မြှင့်ဖို့ လိုသလို HIV မကူးစက်မီ ကြိုတင်ကာကွယ်ဆေး (PrEP) နဲ့ HIV ကိုယ်တိုင် စမ်းသပ် စစ်ဆေးတဲ့ ကိရိယာတွေကို ပိုမိုလက်လှမ်းမီအောင် လုပ်ဆောင်ဖို့ လိုပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီဝန်ဆောင်မှုတွေကို အစိုးရဆေးရုံ၊ ကျန်းမာရေးမြှင့်တင်ရေး ဆေးပေးခန်းနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီ အခမဲ့ ရယူနိုင်ကြောင်းလည်း ပြောပါတယ်။

Photo: Bangkok Post

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013