DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်တပ်စခန်းများကို KIA တိုက်ခိုက်၊ ဒေသခံ ၂,၀၀၀ ခန့် တိမ်းရှောင်နေရ
DVB
·
January 10, 2024
ဖားကန့်တွင် စစ်တပ်စခန်းများကို KIA တိုက်ခိုက်၊ ဒေသခံ ၂,၀၀၀ ခန့် တိမ်းရှောင်နေရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး ဝှေခါကျေးရွာနဲ့ အနီးအနားက ဒေသခံ ၂,၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကချင်ပြည်နယ် ဖားကန့်သွားလမ်းမပေါ် နမ်တိန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား စစ်ရေးတင်းမာမှု ဆက်လက်ရှိနေတာကြောင့် ကျေးရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသန်း ပစ်ခတ်တာအပြင် လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်နေတာကြောင့် ဝှေခါကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံ ၂,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝှေခါဒေသခံတဦးက ပြောပါတယ်။
“၆ ရက်နေ့ကတည်းက တိုက်ပွဲစဖြစ်တာ။ ဖြစ်ကတည်းက ပြေးလာကြတဲ့သူတွေက ဆိုင်းတောင်၊ လုံးခင်း၊ ဖားကန့် ကိုယ်နဲ့နီးစပ်ရာကို ပြေးကြတာ။ နီးစပ်ရာမရှိတဲ့သူတွေက ဘုန်းကြီးကျောင်းတို့၊ ဘုရားကျောင်းတို့မှာ ရှောင်ကြတာ၊ ကျေးရွာ ၅ ရွာရှိမယ်။ ဆိုင်းတောင်မှာ ၁,၀၀၀ ကျော်လောက် ရှောင်ကြတာ။ အခုလည်း ထပ်ပြေးလာကြတာ ရှိတယ်။ ခယန်တို့ပါရင် ၆ ရွာ ၇ ရွာလောက်ရှိမယ်။ လက်နက်ကြီးပစ်တဲ့ဒဏ်တွေ လေကြောင်းပစ်ခတ်မှုတွေကြောင့် ရှောင်ကြတာ။”

တိုက်ပွဲရှောင်ပြည်သူတွေဟာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စစ်ရှောင်နေကြပြီး လက်ရှိ စားသောက်နေထိုင်ရေးအတွက် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေနဲ့ ရပ်မိရပ်ဖတွေက ကူညီဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

KIA တပ်ဖွဲ့တွေဟာ ဇန်နဝါရီလဆန်းလောက်ကနေ ဖားကန့်လမ်းတလျှောက် စစ်ကောင်စီ တပ်စခန်းရှိတဲ့ နေရာတွေကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ နမ်တိန့်တပ်စခန်းနဲ့ ဝှေခါတပ်စခန်း ၂ နေရာကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၆ ရက် မနက်ကတည်းက KIA နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေက ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ အဓိကအားထားရာ မြေပြင်‌အခြေစိုက်စခန်းကုန်းတခုနဲ့ ရဲစခန်းကို သိမ်းပိုက်ရရှိထားတာပါ။

ဖားကန့်သွားလမ်း နမ့်တိန်ကျေးရွာမှာ KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၅ ရက်မြောက်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013