DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသဖြင့် ပလက်ဝမြို့ခံ ထောင်ချီ ထွက်ပြေးနေရ
DVB
·
January 10, 2024
တိုက်ပွဲပြင်းထန်နေသဖြင့် ပလက်ဝမြို့ခံ ထောင်ချီ ထွက်ပြေးနေရ
Donate to DVB

ချင်းပြည်နယ် ပလက်ဝဒေသက အာဏာသိမ်းစစ်တပ် နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် ပလက်ဝမြို့ခံ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ပလက်ဝ က စစ်ကောင်စီရဲ့  အခိုင်အမာစခန်းတွေဖြစ်တဲ့  တရွန်အိုင် နဲ့  နှုံးဘူးဗျူဟာကုန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ သိမ်းနိုင်ခဲ့ပြီးနောက်ပိုင်း ပလက်ဝဒေသတခုလုံးကို စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေဖြစ်အောင်လုပ်မယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

အခုချိန်ထိလည်း ပလက်ဝမြို့ဝန်းကျင်က စစ်ကောင်စီစခန်းတွေနဲ့ ပလက်ဝ-ကျောက်တော်အစပ်က မီးဝဗျူဟာတို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့အတွက် ပြည်သူထောင်နဲ့ချီပြီး ထွက်ပြေးနေရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးလွတ်ရာ ပလက်ဝအထက်ပိုင်းကို ရွှေ့ပြောင်းနေရပြီး မြို့ပေါ်မှာ လူမရှိတော့ကြောင်း၊ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိနေတဲ့အပြင် စောင်၊ အနွေးထည် စတာတွေလည်း အရေးပေါ်လိုနေတယ်လို့  ပလက်ဝမြို့ခံတယောက်က ပြောပါတယ်။

မြို့ပေါ်မှာက လူမရှိတော့ဘူး။ လူသုံးပုံတပုံတောင် မရှိတော့ဘူး။ ရိက္ခာဘက်နဲ့မြို့ မရပ်ကွက်တွေဘက် အခြေအနေဆိုးနေတယ်။ နောက်ဆုံးထွက်လာတဲ့သူတွေပြောတာ တိုက်ပွဲတွေပြင်းပြီး အလောင်းတွေ တွေ့ရတယ်ပြောတယ်။ ကျနော်တို့လာတုန်းက တိုက်ပွဲတွေပြင်းထန်တာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ လက်နက်ကြီးထိလို့ မသေရင်တောင်မှ လက်နက်ကြီးသံကြောင့် နှလုံးရပ်သွားမှာစိုးလို့ ထွက်ပြေးရတာပေါ့။ လက်နက်ကြီးကျလို့လည်း လူတယောက်သေသွားတယ်။ လိုအပ်ချက်က စောင်၊ အနွေးထည်၊ အိုးခွက်ပန်းကန်တွေ လိုနေတယ်။ စားဝတ်နေရေး လိုအပ်ချက်တွေရှိနေတယ်။”

ကျေးရွာပေါင်း ၃၀ ကျော်က ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူ ၂ သောင်းကျော်အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ လိုနေတယ်လို့ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ထုတ်ပြန်ပါတယ်။

ပလက်ဝမြို့အပြင် ဆမီးမြို့မှာလည်း မြို့နေပြည်သူတွေမရှိတော့ဘဲ မထွက်ပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေသာ ကျန်တော့ကာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် ပလက်ဝဟာ ထန်တလန်မြို့လို ဖြစ်နေပြီလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ဒီဗွီဘီကို ပြောပါတယ်။

“ပလက်ဝရဲ့ လက်ရှိအခြေအနေက ပြည်သူတွေ တော်တော်စစ်ရှောင်နေရပါတယ်။ ဆမီးမှာလည်း ပြည်သူတွေမရှိတော့သလောက် ဖြစ်နေပါတယ်။ ပလက်ဝကတော့ ထန်တလန်ပြီးရင် ဒုတိယထန်တလန်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ လက်နက်ကြီးတွေ လေယာဉ်နဲ့ကြဲတာတွေရှိတော့ ပြည်သူတွေ ထိခိုက်တာတွေရှိတယ်လို့လည်း ကြားသိရပါတယ်။”

လတ်တ​လော စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၃ မြို့နယ်မှာ စစ်​ဘေး​ရှောင် ၂ သိန်း ၆ သောင်းကျော် ရှိလာပြီလို့ ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့က ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ တိုက်ပွဲတွေ အရှိန်မြင့်လာချိန်ကစပြီးအရပ်သား ၃၇၈ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ၅၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။  လူဦးရေ ၆ သိန်း ၆ သောင်းကျော်  နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။ 

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013