DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံရ
DVB
·
January 10, 2024
မလေးရှားတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ဦး အပါအဝင် ၆၆ ဦးကို ဇန်နဝါရီ ၇‌ ရက်က ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်‌ရေးဌာနက ထုတ်ပြန်ပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ရဲတွေ ပူးပေါင်းပြီး ဂျိုဟိုးမြို့ရှိ တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေတဲ့ အနှိပ်ခန်း အဆောက်အအုံတခုကို ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အနှိပ်ခန်းပိုင်ရှင်တွေဖြစ်တဲ့ မလေးရှားနိုင်ငံသား ၁ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး အနှိပ်ခုံ ၇ စုံ၊ မျက်နှာသုပ်ပဝါ ၁၈ ခု‌၊ ဗီယက်နမ်ပတ်စ်ပို့မိတ္တူ ၆ စောင်၊ လက်သည်းထိန်းကိရိယာ ၂ စုံနဲ့ ဆမ်ဆောင်းဖုန်း ၁ လုံးကိုလည်း သက်သေခံပစ္စည်းအနေနဲ့ မလေးအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

မလေးရှားအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့တဲ့ အနှိပ်ခန်းအဆောက်အအုံဟာ ဖွင့်လှစ်ထားတာ တနှစ်ကျော်ရှိပြီး တလကို ရင်းဂစ် ၄ ဒသမ ၂ သန်းကျော် ဝင်ငွေရှိကာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင်နိုင်ငံခြားသားတွေကို အလုပ်ရှင်က တလ လစာ ရင်းဂစ် ၂,၀၀၀ ပေးတယ်လို့ မလေးလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ပါတယ်။

မလေးရောက် မြန်မာနိုင်ငံသားတဦးက “ကျနော်တို့ကြားတာကတော့ ဖမ်းခံရတဲ့ မြန်မာတွေ အပါအဝင် အကုန်လုံးက အော်ပရာစီ ဝင်ဖမ်းမှာကြားလို့ စက်ရုံတခုကိုပြောင်းဖို့ လုပ်နေတဲ့အချိန် ဖမ်းခံလိုက်ရတာပါ။ အခုအနေအထားက မလေးမှာ တရားမဝင်နေရတာ တော်တော်ခက်ခဲတာ။ အိမ်ထဲမှာကော အပြင်မှာကော ဘယ်လိုမှမလုံခြုံဘူး။ မလေးကို တရားမဝင် အလုပ်လုပ်လာလုပ်မယ့်သူတွေလည်း အခြေအနေကို ခဏစောင့်ကြည့်ကြပါ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့ရသူတွေကို တရားမဝင်နေထိုင်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့နဲ့ အရေးယူသွားမှာ ဖြစ်သလို ပိုင်ရှင် မလေးရှားနိုင်ငံသားနဲ့ ဗီယက်နမ်နိုင်ငံသားတို့ကိုလည်း တရားမဝင် နိုင်ငံခြားသားတွေကို လက်ခံမှု၊ တရားမဝင် အနှိပ်ခန်း ဖွင့်မှုတို့နဲ့ အရေးယူဖို့အတွက် ဂျိုဟိုးလူဝင်မှုကြီးကြပ်ရေးမှာ ဆက်လက်စစ်ဆေးနေပါတယ်။

မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်မှာ ဇန်နဝါရီ ၆ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂၂ ယောက်ကို မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013