DVB Logo
Home
မြန်မာသတင်း
မံစီ၊ ပလက်ဝ၊ မတ္တရာတို့တွင် ဗုံးကြဲပစ်ခတ်ခံရသဖြင့် ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၁၅ လုံး ဆုံးရှုံး 
DVB
·
January 9, 2024
မံစီ၊ ပလက်ဝ၊ မတ္တရာတို့တွင် ဗုံးကြဲပစ်ခတ်ခံရသဖြင့် ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၁၅ လုံး ဆုံးရှုံး 
Donate to DVB

ကချင်ပြည်နယ် မံစီမြို့နယ်မှာ ဇန်နဝါရီ ၉ ရက် မနက်က တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စီအူကျေးရွာဘုန်းတော်ကြီးကျောင်း မင်္ဂလာခန်းမမှာ မင်္ဂလာဆောင်တခု ပြုလုပ်နေစဉ် ဗုံးကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲလည်း မရှိပါဘူး။ အဲ့ဒါကို ဘုန်းကြီးကျောင်း မင်္ဂလာဆောင်ကို လေယာဉ်နဲ့ မနက် ၁၁ နာရီလောက်က ဗုံးလာကြဲတယ်။ မင်္ဂလာဆောင်ခန်းမဘေးက အိမ်သာပေါ်ကျတာ။ ခန်းမလည်း ထိတယ်။ အမျိုးသမီးနှစ်ဦး ထိတယ်။ အိမ်မွေး တိရစ္ဆာန်တွေလည်းသေတာရှိတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၀ ကျော် အမျိုးသမီးနှစ်ဦး လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရခဲ့ပြီး နေအိမ် သုံးလုံးနဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့တာပါ။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအစပ် ဗန်းမော်ခရိုင် မံစီမြို့ စီအူကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၈၀၀ ကျော်ရှိပြီး ကချင်၊ ရှမ်း၊ ဗမာ တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ချင်ပြည်နယ် ပလက်ဝမြို့နယ် မီးဝကျေးရွာကို ဇန်နဝါရီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ စစ်တွေဘက်က တက်လာတဲ့ စစ်ကောင်စီ Y-12 ထောက်ပို့လေယာဥ်နဲ့ ဗုံး ၃ လုံးကြဲချခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ နေအိမ်တအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ပလက်ဝမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကြဲချမှုကြောင့် မီးဝကျေးရွာက အသက် ၆၇ နှစ်အရွယ် ဒေါ်စောမြသိန်းမှာ ဗုံးစထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ကာ နေအိမ်တအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ ရက္ခိုင့်တပ်တော် (အေအေ) က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က နေ့စဥ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ပလက်ဝမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြီး Grade 10 ကျောင်းသားတယောက်အပါဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက် ၆ နာရီက စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်သလို အရပ်သားနေအိမ်တွေကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ မတ္တရာမြို့ကနေ အင်အား ၆၀ နဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းက တောပု၊ မာရဘင် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာပြီး အခုလို ပြုလုပ်သွားတာလို့လည်း သိရပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆရာတိုးက “ကျနော်တို့နဲ့ တိုက်ပွဲလည်း မဖြစ်ပါဘူး။ အဲလိုမဖြစ်ဘဲနဲ့ စစ်ကြောင်းထိုးလာရင်း တောပု၊ မာရဘင်ရွာ အရောက်မှာ လက်နက်ကြီးနဲ့ ဘေးပတ်ဝန်းကျင်ရွာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်တယ်ဗျ။ တလုံးက သဌေးကုန်းရွာအနီးကို ကျတယ်ဗျ။ ပြည်သူထိခိုက်မှုတော့ မရှိခဲ့ဘူး။ အဲရွာကနေပဲ စစ်ကောင်စီအယောက် ၃၀ နဲ့ စစ်ကြောင်းတကြောင်း ထပ်ပြီးခွဲထွက်တယ်။ စစ်ကြောင်းက နှစ်ကြောင်းဖြစ်သွားတယ်။ ခွဲထွက်တဲ့စစ်ကြောင်းက မာရဘင်ရွာရဲ့ တောင်ဘက်တည့်တည့်မှာရှိတဲ့ ဆောက်ချုံပေါက် ကျေးရွာကို ဝင်ပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်ဗျ။ နေအိမ် ၁၁ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး နွားနှစ်ကောင်လည်း သေတယ်။ ရွာကိုမီးရှို့တဲ့အချိန်က ၇ နာရီခွဲက စရှို့တယ်။ ရွာကိုမီးရှို့ပြီး ၁၀ နာရီခွဲမှာ တပ်ပြန်ပေါင်းသွားပြီး ရွှေကျောင်းရွာဘက်ကို စစ်ကြောင်းဆုတ်သွားတယ်” လို့ ပြောပါတယ်။

အခုမီးရှို့ခံရတဲ့ ဆောက်ချုံပေါက်ရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မီးရှို့သွားတဲ့စစ်ကြောင်းကတော့ နေ့လယ် ၁၂ နာရီလောက်မှာ မတ္တရာမြို့အတွင်း ဝင်ရောက်သွားပြီလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013