
ပြည်သူတွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ ဆင်မကြီး မိုမိုရဲ့ ၇၃ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၄ ရက်ကြာ ကျင်းပသွားမယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က သတင်းထုတ်ပြန်ပါတယ်။
ဒီပွဲတော်ကို “အားလုံးအတူပျော် မိုမို မွေးနေ့ပွဲတော်ကြီး”ဟု အမည်ပေးထားပြီး ဘွားဘွားမိုမိုကို ချစ်ခင်သူတွေ၊ ကလေးငယ်တွေနဲ့ မိသားစုလိုက် လာရောက်အပန်းဖြေသူတွေအတွက် ပျော်ရွှင်ဖွယ် အစီအစဉ်တွေ ထည့်သွင်းကျင်းပသွားမယ်လို့ ဆိုပါတယ်။
ပွဲတော်အတွင်း ရှမ်းရိုးရာအကအလှတွေ၊ ပျော်စရာဂိမ်းတွေနဲ့ ဆုလက်ဆောင်အစီအစဉ်တွေ၊ တေးဂီတဖျော်ဖြေပွဲတွေအပြင် ဒေသထွက်အစားအစာတွေကိုလည်း ပါဝင်ခံစားနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘွားဘွားမိုမိုရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီပွဲတော်ဟာ ဘွားဘွားကို ချစ်ခင်သူတွေနဲ့ မိသားစုတွေအတွက် အမှတ်တရအချိန်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဆင်မကြီးကို ၁၉၅၃ ခုနှစ် ကရင်နီနယ် လွိုင်ကော်မြို့မှာ မွေးဖွားခဲ့ပြီး သူကို ထိန်းခဲ့တဲ့ ဦးခွန်ဆန္ဒက ဇနီးဖြစ်သူနာမည်အတိုင်း မိုမိုလို့ မှည့်ခဲ့ပါတယ်။ နောက်ပိုင်း ရန်ကုန် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လှူဒါန်းခဲ့တာပါ။
မြန်မာနိုင်ငံတဝန်းက လာရောက်လည်ပတ်သူ ကလေးနဲ့ လူကြီးမရွေး ဆင်မကြီး မိုမိုကို မသိသူ မရှိလောက်အောင် ထင်ရှားသည့် အမှတ်တရတခု ဖြစ်ခဲ့ပါတယ်။











