DVB Logo
Home
မြန်မာသတင်း
အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်မှု အစားထိုးမရသည့်ဆုံးရှုံးမှုဖြစ်ဟု အနုပညာရှင်များ ပြော  
DVB
·
January 9, 2024
အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်မှု အစားထိုးမရသည့်ဆုံးရှုံးမှုဖြစ်ဟု အနုပညာရှင်များ ပြော  
Donate to DVB

ပြည်သူချစ်သောအနုပညာရှင် မြန်မာဂန္ထဝင် အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်သွားတဲ့အတွက် မြန်မာ့ဂီတလောကအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးအဖြစ် ဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ရကြောင်း အနုပညာရှင်အသိုက်အဝန်းက ထုတ်ဖော် ပြောဆိုကြပါတယ်။

အဆိုတော်ကြီး ဒေါ်မာမာအေး (အသက် ၈၁ နှစ်) ဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ရှိ သူ့ရဲ့ နေအိမ်မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီ ၂၈ မိနစ်၊  မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီ ၅၈ မိနစ်က  ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်မာမာအေးကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကြီးစွာသောဆုံးရှုံးမှု ဖြစ်တယ်လို့ ဝါရင့် ရုပ်ရှင် မင်းသမီးကြီးလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ အကယ်ဒမီ ချိုပြုံးက ဒီဗွီဘီကို ပြောပါတယ်။

“မေချိုတို့ကတော့လေ ဒါဟာ ကြီးစွာသော ဆုံးရှုံးခြင်းပဲ။ ဘာလို့လဲဆိုတော့  ဒီလို ပါရမီရှင်ကတော့ မေချိုတို့တသက်မှာ မပေါ်နိုင်တော့ဘူး။ မေချိုကသူ့ကို ဘယ်လောက်ထိ လေးစားလဲဆိုရင် သူ မြန်မာနိုင်ငံကို ပထမဦးဆုံးပြန်လာတော့ ပွဲလုပ်တာ၊ သီချင်းဆိုတာမှာ သူက မေချို့ကို သူနဲ့အတူ သီချင်းတပုဒ်တွဲဆိုဖို့ ဖိတ်ခေါ်တယ်၊ မေချိုရယ်၊ တင်တင်မြရယ်၊ သူရယ်ပေါ့။ ဆိုပေးဆိုတော့ မငြင်းရဲဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို လေးစားတယ်၊ သူ့ကို ရိုသေတယ်၊ သူဟာ အမေချိုတို့ရဲ့ အသံလောကမှာတော့ နောက်တယောက် မပေါ်လာမယ့် ပါရမီရှင်ကြီးပေါ့။ ဒါကြောင့် မငြင်းရဲဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ မေချို့မှာ ကြီးမားသောအပူကြီး ရှိနေတယ်။ မေချိုတို့ မောင်နှမ ၁၀ ယောက်ထဲက အငယ်ဆုံးမောင်လေး ဆုံးသွားလို့ အရမ်းကြေကွဲနေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ သီချင်းအတူတွဲဆိုပေးဖို့ပြောတာကို မငြင်းရဲဘူး။ မေချို့မောင်လေး ဆုံးတာကိုတောင် သူ့ကို မပြောရက်ဘူး။ ဘာဖြစ်လို့လဲဆို သူ့ရဲ့  ပါရမီနဲ့ သူ့ကို လေးစားရိုသေလွန်းအားကြီးလို့ မေချို သူနဲ့တွဲဆိုပေးလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်ဆို မေချိုတို့မောင်လေး ဆုံးတာ မနက်ဖန်ဆို ၁၂ နှစ်ပြည့်ပြီ။  မာမာအေးကလည်း ဒီကနေ့မှာ ဆုံးသွားတယ်။  အဲဒီတော့ ကြေကွဲရတဲ့စိတ်က မောင်လေး သေလို့ ကြေကွဲရတဲ့စိတ်နဲ့ အတူတူ နှစ်ခုထပ်သွားတဲ့အတွက် မေချို လုံးဝ ဖြေမဆည်နိုင်ပါဘူးလို့ ပြောချင်ပါတယ်။ သူ့ကို မေချို ဘယ်လောက်လေးစားတယ်၊ မြတ်နိုးတယ်၊ ကိုးကွယ်တယ်ဆိုတာ သိစေချင်လို့ ပြောပြတာပါ။”

ဒေါ်မာမာအေးဟာ အနုပညာလောကထဲ မရောက်ခင်ကတည်းက မြင်ဆရာ၊ ကြားဆရာ ဖြစ်ခဲ့တယ်လို့   အကယ်ဒမီ ချိုပြုံးက အမှတ်တရ ပြန်ပြောပြပါတယ်။

“၁၁ နှစ်သမီးလောက်ကတည်းက မာမာအေး တို့၊ တင်တင်မြ တို့ဆိုတာကို စင်အောက်ကနေ သဘောကျခဲ့တာ။ သူတို့ လိုဆိုချင်တယ်ဆိုပြီး ငိုယိုပြီး ပူဆာတော့  လူကြီးတယောက်က စင်ပေါ် ပေးတက်လိုက်တယ်။ မာမာအေးရဲ့ ‘သက်တံပေါ်မှာ ကစားမယ်’ ဆိုတဲ့သီချင်းကို ပထမဆုံး ဆိုခဲ့တာ။ ဒါကြောင့်မို့ သူဟာ မေချိုရဲ့ ထူးခြားသောကျေးဇူးရှင်လို့ ပြောလို့ရပါတယ်။”

ဝါရင့်အဆိုတော် တူးတူးကလည်း “အန်တီအေး (အဆိုတော်ဒေါ်မာမာအေး) ကွယ်လွန်ခြင်းအတွက် လွန်စွာမှပဲ နှမြောတသ စိတ်မကောင်းဖြစ်မိပါတယ်။  မြန်မာ့ဂီတလောကအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးတခုပါ။ အန်တီအေး ကောင်းမွန်မြင့်မြတ်တဲ့ ဘုံဘဝ ရောက်ရှိနေမယ်လို့ယုံကြည်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။

အလားတူ ဝါရင့်အဆိုတော် မီမီဝင်းဖေကလည်း “အန်တီ မာမာအေး၊ ဖေဖေ့အတွက် မိတ်ဆွေဟောင်း မိတ်ဆွေရင်း။ ဖေဖေ အထင်ကြီး လေးစားတန်ဖိုးထားတဲ့ ဂီတပညာရှင်။ ကျမအတွက် အထူးရိုသေလေးစား တန်ဖိုးထားရတဲ့ ဂီတမိခင်ကြီး။ ကောင်းရာသုဂတိ ရရှိခံစားရပါစေ။ နှမြောတသ ဝမ်းနည်းရပါတယ် အန်တီရယ်”လို့ ရေးသားထားပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ကတော့  “ဂန္ထဝင် ကြယ်တစ်စင်း လေးစားမြတ်နိုးစွာ ဦးချကန်တော့ နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

ကဗျာဆရာ စောဝေကလည်း “သေမင်းက အကောင်းကြိုက်လွန်းတယ်။ အလွမ်းကို ရွက်ကုန်ဖွင့်ထားရုံပေါ့။ အမေ မာမာအေး”လို့ ရေးသားထားပါတယ်။

မြန်မာသံအဆိုတော် စိုးစန္ဒာထွန်းက “ မြန်မာသံစဉ် ဂန္ထဝင် လောကမှာ… စန္ဒာတို့ လေးစား အားကျ အတုယူ ပညာယူခဲ့ရတဲ့ ဂီတမိခင်ကြီး အမေဒေါ်မာမာအေး ကွယ်လွန်သွားတဲ့အတွက် နှမြောတသ ဝမ်းနည်းရပါတယ်… မြန်မာသံစဉ် ဂန္ထဝင်လောကအတွက် ဆုံးရှုံးမှုကြီး တစ်ရပ်လည်း ဖြစ်ပါတယ်… အမေ ကောင်းရာသုဂတိ လားပါစေ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မြန်မာသံအဆိုတော် မေ့ချစ်သက်က “သမီးတို့အားလုံးရဲ့ ဂီတမိခင်ကြီး။ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်ပါသည်။  ချစ်ခင်လေးစားရတဲ့ ဂီတမိခင်ကြီး ဖွားဖွားမာမာအေး ကောင်းမြတ်ရာဘုံ ဘ၀သို့ ရောက်ရှိစံစားနိုင်ပါစေ။ ဖွားဖွား ရဲ့ ဆုံးမစကားတွေနဲ့ သင်ကြားပေးခဲ့သည်များကို တန်ဖိုးထားလိုက်နာပါမယ် ဖွားဖွားရေ”လို့ ရေးထားပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)နဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနခွဲမှ ၀န်ထမ်းဟောင်းတွေကလည်း နိုင်ငံကျော်တေးသံရှင် ဂီတမိခင်ကြီး ဒေါ်မာမာအေး ကွယ်လွန်သွားကြောင်း ကြားသိရလို့  ကျန်ရစ်သူမိသားစုနဲ့ထပ်တူ အထူးဝမ်းနည်းကြေကွဲကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013