DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
January 9, 2024
ရေစကြိုနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ရှင်မတောင်ကို ရိက္ခာလာပို့တဲ့ တပ်မ ၁၀၁ လက်အောက်ခံ ရေစကြိုအခြေစိုက် ခလရ ၂၅၈ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၇ ရက် မနက် ၃ နာရီလောက်ကစလို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်ကြောင်းကို ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် လဲကျသွားတာကို မျက်မြင်တွေရှိခဲ့ရပြီး ထိခိုက်သေဆုံးသူတွေ များပြားနိုင်တယ်။”

အဲဒီစစ်ကြောင်းဟာ အထိနာသွားပြီး တောင်အို၊ တာတိုင်ဘက်က စစ်ဆေးရေးဂိတ်ကနေ တဆင့် ပြည်သူတွေရဲ့ကားတွေကို ချောဆွဲပြီး ခလရ ၂၅၈ တပ်ရင်းဘက်ကို ပြန်သွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖနဲ့ ပခုက္ကူခရိုင် တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဖောင်ကျင်းကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရတာ များတယ်လို့ တံတားဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာ အထိုင်ချပြီး ပြည်သူတွေကို ဆက်ကြေးတောင်း၊ ဓားပြတိုက်၊ လုယက်နေကြတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီကနေ ၃ နာရီလောက်အထိ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ တော်လှန်ရေး မဟာမိတ်အင်အားစုတွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် ‌၄ တပ်ရင်း၊ အမှတ် ၆ တပ်ရင်း၊ အမှတ် ၈ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ဝိုင်းဝန်းတိုက်ခိုက်တာဖြစ်လို့  စစ်ကောင်စီတပ်ဘက်က နည်းနည်းပဲ တန်ပြန်တိုက်ခိုက်နိုင်ပြီး ၁ နာရီကြာလောက် ထိထိရောက်ရောက် မတုံ့ပြန်နိုင်ဘူးလို့ ဆိုပါတယ်။

ညနေ ၃ နာရီလောက်မှာတော့ စစ်ကောင်စီရဲ့ စစ်ကူတွေရောက်လာပြီး ပြန်ပစ်ခတ်လာတာကြောင့် မဟာမိတ်တပ်တွေ ဘေးကင်းကင်း ပြန်ဆုတ်ခွာလာခဲ့တယ်လို့လည်း ဆိုပါတယ်။

တံတားဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ကိုလေးလှိုင်က “သေဆုံး၊ ဒဏ်ရာရ များတယ်ဗျ။ စစ်ကူလာတဲ့ကားတွေနဲ့ ပြန်သယ်သွားတယ်လို့ ဒေသခံတွေကနေ တဆင့် သိရပါတယ်ဗျ။ တိုက်ပွဲဖြစ်ပြီး ရဲဘော်တွေ ပြန်ဆုတ်ခဲ့ရတာမို့ သတင်းအတိအကျ မရသေးတာပါ။ ရဲဘော်တွေရဲ့ လုံခြုံရေးအရ အချိန်ခွာပြီး သတင်းပေးရတာကို နားလည်ပေးပါဗျ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းမှာပဲ နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ဘက်ကို ပြန်လာတဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ CANTA ကားတစီးနဲ့ အိမ်စီးကား ၂ စီးကို နွားထိုးကြီးမြို့နယ်၊ ကန်ရွာနဲ့ ကန်နှောင်ရွာကြားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013