DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် စီမံချက်ကာလ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ရှိလာ
DVB
·
January 8, 2024
မလေးရှားတွင် စီမံချက်ကာလ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ရှိလာ
Donate to DVB

မလေးရှားနိုင်ငံ နေရာအနှံ့အပြားမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို မလေးရှား လဝကနဲ့ အာဏာပိုင်တွေက စီမံချက်နဲ့ လိုက်လံ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား အယောက် ၁၀၀၀ ကျော် ရှိပြီလို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေဆီက သိရပါတယ်။ 

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးမှု အော်ပရာစီ စီမံကိန်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စတင် ပြုလုပ်ခဲ့ရာမှာ အထောက်အထားမဲ့ မြန်မာတွေ ထောင်ချီ ရှိနေတာဖြစ်ပါတယ်။

NLD – LA  မလေးရှား ရုံးအဖွဲ့မှူး ကိုစိုးထက်သိန်းက “ဒီစစ်ဆင်ရေးရဲ့ ကြာချိန်ကလည်း တော်တော်ကြာနေပြီ။ တလကျော်ကျော်လောက် ရှိနေပြီ။ ဆိုတော့ အဖမ်းအဆီးက ပြောမယ်ဆိုရင် သေးသေးကွေးကွေး မဟုတ်ဘူး။ ကြီးကြီးမားမား စစ်ဆင်ရေးနဲ့ ဖမ်းဆီးတာဖြစ်တဲ့အတွက် တခါဖမ်းရင် ရာနဲ့ချီပြီး မိတယ်။ ကျနော့် ခန့်မှန်းချက်အရဆိုရင် မလေးရှားနိုင်ငံလုံးပေါင်းရင် အယောက် ၁၀၀၀ ဝန်းကျင်၊ ၁၀၀၀ ကျော်လည်း ဖြစ်နိုင်ပါတယ်။ ဒီမှာက ဖမ်းဆီးခံရပြီဆိုရင် အဓိကကတော့ ဒီဘက် လပိုင်းမှာ ဖြစ်နေတဲ့ အော်ပရာစီ စစ်ဆင်ရေးမှာ လဝက အထောက်အထား မရှိသူတွေ အဖမ်းခံရတာမျိုး ဖြစ်ပါတယ်။ သူတို့ကို တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အဖမ်းခံရတာ ဖြစ်ပါတယ်။ အဖမ်းခံရသူတွေက ယူအန်ကတ် ကိုင်ထားသူတွေ၊ ပါမစ် သက်တမ်းကျော်ပြီး ပါမစ် လျှောက်ထားသူတွေ၊ လုံးဝ အထောက်အထား မရှိသူတွေ ပါပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က မလေးရှားနိုင်ငံ၊ ကိုတာဘာရူမြို့မှာ နိုင်ငံခြားသားတွေ အများစု နေထိုင်တဲ့ နေရာတွေကို မလေးရှား ရဲတပ်ဖွဲ့က ကိုတာဘာရူ လူဝင်ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးစစ်ဆင်ရေး ပြုလုပ်ခဲ့ကာ တရားမဝင် နိုင်ငံခြားသား ၂၃၀၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။

အဲဒီထဲမှာ အထောက်အထားရှိတဲ့ နိုင်ငံခြားသား ၂၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး အထောက်အထား စာရွက်စာတမ်း မရှိတဲ့ မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော် အပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား သတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးတဲ့အခါ အထူးသဖြင့် နိုင်ငံခြားသားတွေ အများစု နေထိုင်ရာ နေရာတွေမှာ ဆူဆူညံညံ လုပ်တဲ့အခါ မလေးရှားနိုင်ငံသားတွေက သတင်းပေး တိုင်ကြားလို့ စီမံချက်နဲ့ ဖမ်းဆီးတာ၊ ဒါမှမဟုတ် တရားမဝင် ဈေးရောင်းတဲ့ အလုပ်တွေ လုပ်ကိုင်တာမျိုး စတဲ့ အကြောင်းရင်းတွေနဲ့ ဝင်ဖမ်းဆီးတာပါ။

ဒီဇင်ဘာလနှောင်းပိုင်းကစလို့ ဇန်နဝါရီ ပထမပတ်အထိ အော်ပရာစီ စီမံချက်နဲ့ ဝင်ရောက် ဖမ်းဆီးမှုတွေ များနေတာကြောင့် မလေးရှားရောက် မြန်မာတွေ အနေနဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်နေရတယ်လို့ မလေးရောက် မြန်မာ အလုပ်သမားတယောက်က ပြောပါတယ်။

“အခုရက်ပိုင်း မြန်မာအလုပ်သမားတွေကတော့ လုံးဝကြီး မသွားတာ မလာတာ နေကြတယ်။ မဖြစ်မနေ အရေးတကြီးမှပဲ ထွက်ကြသွားကြတယ်။ မလေးရှားရဲတွေက ဘယ်နေရာတွေ အဓိက အဖမ်းဆီးများလဲဆိုတော့ လူသွားလူလာ များတဲ့ နေရာတွေ၊ ဈေးတွေ၊ ကုန်တိုက်တွေမှာ အဖမ်းဆီးများတယ်။ ပြီးတော့ ဖမ်းဆီးတာ နေ့တိုင်း ၂၄ နာရီ အမြဲတမ်း ရှိနေတယ်လို့ သတ်မှတ်လို့ ရတယ်။ လုပ်ငန်းခွင်မှာတော့ စိုးရိမ်နေကြတာမျိုး ကျနော် မြင်သလောက်တော့ အရမ်း မရှိဘူး။ မလေးရှားက စီးပွားရေးနိုင်ငံဖြစ်တဲ့အတွက် လုပ်ငန်းခွင်တွေတော့ တိုက်ရိုက် ဝင်ဖမ်းတာမျိုး ရှားတယ်။ သူက လူနေအိမ်ရာတွေ ဝင်ဖမ်းတာမျိုး၊ ညသန်းခေါင်ထဲ ဝင်ဖမ်းတာမျိုးတွေ လုပ်တယ်။”

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေဟာ အခြေခံလစာ မလေးရှားရင်းဂစ် ၁၅၀၀ ကနေ ၂၀၀၀ ကြား ရရှိပြီး လက်ရှိမှာတော့ အလုပ်အကိုင်တွေ ရှားပါးတဲ့အတွက် ပျမ်းမျှလစာ ရင်းဂစ် ၂၀၀၀ အောက်မှာပဲ ရှိတယ်လို့ လုပ်သားတွေဆီက သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အခန်းတခန်းကို တလ ရန်းဂစ် ၁၀၀၀ နဲ့ ၁၀ ယောက်လောက် စုပေါင်း နေပြီး အနီးအနားမှာရှိတဲ့ ကုန်တိုက်တွေမှာ အလုပ်လုပ်ကိုင်ကြတာပါ။ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို လူဝင်ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး ကျဆင်းတာတွေကြောင့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုစတဲ့ နိုင်ငံတွေဆီကို သွားရောက် အလုပ်လုပ်ကိုင်သူ ပိုမို များပြားလာပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013