DVB Logo
Home
မြန်မာသတင်း
Mi-17 ရဟတ်ယာဥ် ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးဒုံးဖြင့် ပစ်ခံရဟု ခန့်မှန်း
DVB
·
January 5, 2024
Mi-17 ရဟတ်ယာဥ် ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးဒုံးဖြင့် ပစ်ခံရဟု ခန့်မှန်း
Donate to DVB

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပျက်ကျခဲ့တဲ့  စစ်ကောင်စီရဲ့  Mi-17 စစ်ရဟတ်ယာဥ်ဟာ Manpads လို့ခေါ်တဲ့ ပခုံးထမ်းလေကြောင်းရန် ကာကွယ်ရေးဒုံးနဲ့ ပစ်ချခံရတာ ဖြစ်နိုင်တယ်လို့  CDM လေတပ်သားတွေနဲ့  စစ်ရေးလေ့လာသူတွေက သုံးသပ် ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့စခန်းကို ရိက္ခာနဲ့လက်နက်လာပို့တဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ပါတယ်။

Mi-17 စစ်ရဟတ်ယာဥ်ကို KIA ကပစ်ချခဲ့တာ မှန်ကန်ပြီး ရဟတ်ယာဥ်ပေါ် ပါလာသူအားလုံး သေဆုံးတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက DVB ကို အတည်ပြုပြောပါတယ်။ ဒါပေမဲ့ ပခုံးထမ်းလေယာဉ်ပစ်လက်နက်နဲ့ ပစ်ချတာ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ထုတ်ဖော်ပြောတာ မရှိပါဘူး။

ဗိုလ်မှူးကြီးနော်ဘူက “ဇန်နဝါရီ ၃ ရက်မှာ မြစ်ကြီးနားလေတပ်စခန်းကနေ တက်လာတဲ့ ရဟတ်ယာဉ်ပေါ့နော်။ ရိက္ခာနဲ့ တခြားစစ်သုံးကိရိယာတွေ ပို့ပေးတဲ့ ရဟတ်ယာဉ်ကို ကျနော်တို့ KIA တပ်ဖွဲ့ဝင် ရှေ့တန်းသမားတွေ ပစ်ချလိုက်တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာမှာ ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာပါလာတဲ့ ခြောက်ဦးလုံး သေသွားတာကို ကျနော်တို့ တွေ့ရပါတယ်။ အလောင်းတွေပေါ့နော်။ အကုန်လုံးပဲ သေသွားတာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။

KIA အနေနဲ့  ဆယ်စုနှစ်တခုအတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် ၃ စီးကို ပစ်ချနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း လိုင်ဇာမှာ ရဟတ်ယာဉ်တစ်စီးနဲ့ ၂၀၂၁ ခုနှစ်က မိုးမောက်မြို့နယ် ၊ အ​လော့ဘွမ်တိုက်ပွဲမှာ  ရဟတ်ယာဉ် တစ်စီး ပစ်ချခဲ့ဖူးပါတယ်။

အခုပျက်ကျသွားတဲ့ Mi-17 ရဟတ်ယာဥ်ဟာ အနိမ့်ပျံသန်းနေတာ မဟုတ်တဲ့အတွက် စက်သေနတ်နဲ့ ပစ်ချတာဖြစ်နိုင်ခြေနည်းသလို  စက်ချို့ယွင်းတာလည်း ဖြစ်နိုင်ခြေ နည်းတယ်လို့ စစ်လက်နက်လေ့လာကျွမ်းကျင်သူ Tactical Raptor က သုံးသပ်ပါတယ်။

ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေးဒုံးတွေဟာ တရုတ်နဲ့နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေမှာ ရှိပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ တော်လှန်ရေးတပ်တွေအတွက်တော့ အလှမ်းဝေးနေသေးတယ်လို့လည်း  ပြောပါတယ်။

စစ်လက်နက်လေ့လာကျွမ်းကျင်သူက “ပျက်ကျလာတဲ့ လေယာဉ်က အနိမ့် ပျံနေတာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ပွိုင့်ဖိုက်လို စက်သေနတ်ကြီးတွေနဲ့ ပစ်ချခံရဖို့ ဖြစ်နိုင်ခြေနည်းမယ်။ မီးလောင်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ပြုတ်ကျလာတာဆိုတော့ စက်ချို့ယွင်းတာမျိုး ဖြစ်ဖို့လည်း အခွင့်အရေးနည်းပါတယ်။ ဗီဒီယိုတစ်ခုမှာ ပစ်ချခံရပြီး အောက်ရောက်ခါနီးမှ နှစ်ပိုင်း ပြတ်ထွက်သွားတာ တွေ့ရတယ်။ ရဟတ်ယာဉ်ရဲ့ အမြီးပိုင်းဖြစ်နိုင်တယ်။ ဒါဆိုရင် အင်ဂျင် Exhaust နားကို ထိပြီး အမြီးပြတ်သွားတာ ဖြစ်နိုင်တယ်။ အပူထွက်နေတဲ့ အင်ဂျင်နားကို ထိတာဆိုရင်တော့ အပူလိုက် ပဲ့ထိန်းစနစ်သုံးတဲ့ Manpads ပခုံးထမ်းလေယာဉ်နဲ့ အပစ်ခံရတာပေါ့။ ဒါပေမဲ့ KIA ဘက်ကတော့ ဘယ်လက်နက်နဲ့ ပစ်ချခဲ့တယ်ဆိုတာ တရားဝင်ထုတ်ပြောတာမျိုးမရှိပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေမှာ Manpads တွေ ရှိလာနိုင်ဖို့ တော်တော်တော့မလွယ်သေးပါဘူး။ အလှမ်းဝေးနေဆဲဖြစ်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် Manpads လို လေယာဉ်ပစ်လက်နက်ကတော့ လိုအပ်တယ်။ ဒါမှသာ အနီးကပ် လေကြောင်းပစ်ကူပေးလာတဲ့ စကစလေယာဉ်တွေကို အထိုက်အလျောက် တားဆီးနိုင်မှာ ဖြစ်ပါတယ်။”

စစ်ကောင်စီဟာ ‌လေကြောင်းချီ စစ်ဆင်ရေးတွေမှာ Mi-17ရဟတ်ယာဉ်တွေနဲ့ တပ်သားတွေကို မြေပြင်ပေါ်ချပေးပြီး Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးကာ တော်လှန်ရေးတပ်စခန်းတွေကို ဝင်စီးနင်းလေ့ ရှိပါတယ်။

လက်ရှိမှာတော့ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁၆ စီး ဝန်းကျင်ရှိပြီး ၈ စီးဝန်းကျင်နဲ့ ရိက္ခာသယ်ပို့တာ၊ စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာတွေလုပ်နေတယ်လို့ လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။

တုံ့ပြန်စရာလက်နက်မရှိတာကြောင့် ရဲတင်းလာတဲ့ စစ်ကောင်စီလေတပ်ဟာ တော်လှန်ရေးတပ် တွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပိုင်ဆိုင်လာချိန်၊ ပစ်ချ နိုင်ချိန်မှာ‌တော့ စစ်ကောင်စီတပ်သားတွေ စိတ်ဓာတ်ကျပြီး စစ်ပွဲချိန်ခွင်လျှာ ပြောင်းသွားမယ်လို့လည်း ပြောပါတယ်။

လေတပ်CDMတပ်ကြပ်ကြီး ဇေယျက “ကျနော်မှန်းတာ လက်နက်ငယ်နဲ့ မဖြစ်နိုင်ဘူး။ မီးလောင်ပြီးပျက်ကျတာ။ လေတပ်ရဲ့ရှေ့တန်းမှာမရှိမဖြစ် ဖြစ်နေတဲ့ Mi-17ဆုံးရှုံးတာ လေတပ် အတွက်နစ်နာမှုပဲ။ ဘာကြောင့်လဲဆိုတော့ လက်ရှိစစ်တပ်က ရှေ့တန်းစခန်းတွေကို ခဲယမ်းပို့တာ ရိက္ခာပို့တာ Mi-17 တွေကိုပဲအားကိုးနေတာပေါ့။ ဒါကြောင့်မို့ သူက အရမ်းအရေးကြီးတယ်။ စစ်တပ်ကကောင်တွေက သူတို့ကိုပစ်နိုင်မယ့် လက်နက်မရှိဘူးဆိုပြီး ရဲတင်းတာ။ ဒီဘက်က ပစ်ချနေပြီဆိုရင်တော့ ရှေ့တန်းထွက်ဖို့ငြင်းမှာ။ တပ်ရေးဗိုလ်ကြီးလုပ်ဖို့တောင်ငြင်းနေတာ၊ CDM လုပ်တာ ထွက်ပြေးတာတွေဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီဟာ ၂၀၂ ၃ ခုနှစ်ထဲ ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်  K-8 တိုက်လေယာဉ်တစ်စီး ဆုံးရှုံးထားရပြီး အခု နှစ်စမှာ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချနိုင်တာဟာ အယူသီးတဲ့ စစ်ကောင်စီရဲ့ ကြမ္မာငင်နေ့ ရက်အစဖြစ်တယ်လို့  ညီ​နောင်မဟာမိတ် သုံးဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။ 

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013