DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့  လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် ပါဝင်
DVB
·
January 5, 2024
လွတ်လပ်ရေးနေ့  လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် ပါဝင်
Donate to DVB

ဇန်နဝါရီ ၄ ရက်  ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၉၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အထဲမှာ  နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင် ပါဝင်တယ်လို့  DVB အနေနဲ့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ တနိုင်ငံလုံးက အကျဉ်းသူ အကျဉ်းသား ၉၆၅၂ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့် နိုင်ငံရေးကြောင့် ပြစ်ဒဏ်ချမှတ်ထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာပါဝင်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က လွဲပြီး ကျန်တဲ့ ဒေသက ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုက အလွန်နည်းပါးနေတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ အများစုဟာ ပြစ်ဒဏ် ၃ နှစ်အောက် ကျခံရသူတွေအ များဆုံးပါဝင်ပြီး လွတ်ရက် ၆ လအောက်သာကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ကျန်နေသေးတယ်လို့နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့ ထောင်ဝင်စာပို့ကြမယ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက ကြေညာသွားတဲ့ ၉၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၁၀ ရာခိုင်နှုန်းတောင်မပါဘူးဗျ။ အင်းစိန်တခုပဲ ၂၀၀၀ ကျော်လွှတ်တဲ့ထဲမှာ ၂၀၀ လောက်ပါတယ်။ အိုးဘိုက ၁၄၀ လောက်ပါတာ။ ကျန်တဲ့ထောင်တွေဆိုရင် လက်ချိုးရေလို့ရတဲ့အနေအထားပဲ ဖြစ်တယ်ဗျ။ ဒီတော့ သူတို့ကြေညာတဲ့ ၉၀၀၀ ကျော် အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ကျနော်တို့နိုင်ငံရေးအကျဉ်းသားက ၁၀ ရာခိုင်နှုန်းတောင်မရှိဘူးလို့ ပြောလို့ရတယ်။ ၆ လအောက် ပုဒ်မ ၅၀၅ တွေအများကြီးပဲ ထောင်ထဲမှာ ကျန်ခဲ့တယ်။ ဒါပေမဲ့ ဒီတခေါက်လွတ်ငြိမ်းမှာ မပါလာသေးတဲ့ ၄ လကျန် ၅ လကျန် နိုင်ကျဉ်းတွေ ရှိနေပါသေးတယ်။”

တောင်ငူထောင်နဲ့ မြစ်ကြီးနားထောင်တွေမှာဆို နိုင်ငံရေးအကျဉ်းသားလုံးဝ ပါဝင်လာခြင်း မရှိဘူးလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရသိရပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ ၅၀၅-က နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့  သတင်းထောက်တစ်ယောက် ပြန်လွတ်လာတဲ့အထဲမပါဝင်တဲ့အတွက် သူ့ရဲ့ မိသားစုဝင်က စိတ်ပူပြီး စိတ်မကောင်းဖြစ်မိ ကြောင်းပြောပါတယ်။

“မပါ ပါဘူးဗျ ကျနော် မနေ့က ကိုကြီး ရှေ့နေနဲ့ လှမ်းမေးတာတော့ မပါ ပါဘူးဗျ။ ‌မိသားစုဝင်တွေကတော့ မျှော်လင့်ထားပါတယ်။ သူက အရင်အပြင်မှာ အလွတ်တန်း သတင်းထောက်ဘဝကတည်းက ကျန်းမာရေးမကောင်းတော့ သူ့အတွက် စိတ်လည်းပူတယ်။ စိတ်လည်းမကောင်းဖြစ်မိတယ်။ ကျနော်တို့ကလည်း မျှော်လင့်တာပေါ့။ အခု ဒီလွတ်လပ်ရေးမှာ မပါတဲ့အတွက်ကြောင့်လည်း စိတ်မကောင်းဖြစ်မိပေမဲ့ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့ အားတင်းထားပါတယ်။”

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ သာယာ၀တီမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ်   ဦးအောင်မြင့်ဦး၊ ဧရာ၀တီတိုင်း NLD လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဇေယျနဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းတို့ လည်း ပါဝင်ပါတယ်။

စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားတွေကိုလျော့ချဖို့အတွက်သာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

“ကျနော်တို့ အချက်အလက်တွေက စုနေတုန်းရှိသေးတယ်ဗျ။ အတိအကျကတော့ စာရင်းတွေပြုစုနေတုန်းပဲ ရှိသေးတယ်။ ဘယ်လောက်ပါမယ်ဆိုတာတော့မသိသေးဘူး။ အခုလို လွတ်ပေးခြင်းသည်လည်း နိုင်ငံတကာက ဖိအားတွေက လျော့ကျစေဖို့ ပြည်တွင်းက အခြေအနေတွေကို လျှော့ချဖို့ သူတို့ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း လုပ်တာပဲပေါ့။ ဒါပေမဲ့ ကျနော်တို့က ဒီအကြမ်းဖက်စစ်အုပ်စု လွှတ်ပေးတာကို မျှော်နေတာထက် နိုင်ငံရေး အကျဉ်းသားတွေကိုကျနော်တို့ တော်လှန်ရေး အင်အားစုတွေကိုယ်တိုင် လက်နဲ့ ထောင်တံခါးတွေကို ဖွင့်ပြီးတော့ အထဲက နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ကိုခေါ်ထုတ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် ဇန်နဝါရီလ ၄ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ ၂၅၇၄၉ ယောက် အထဲမှာ ၁၉၉၂၉ ယောက်က ထိန်းသိမ်း ခံနေရဆဲဖြစ်ပါတယ်။

အဲဒီအထဲ ၈၄၆၉ ယောက် ထောင်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ်ချ မှတ်ခံထားရသူ  ၁၆၂ ယောက်နဲ့ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ၅၈၂၀ ရှိတယ်လို့ အေအေပီပီရဲ့ ဇန်နဝါရီ ၄ ရက် စာရင်းတွေအရ သိရပါတယ်။

ဝေဝေ  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013