
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေနဲ့ အားကစားပြိုင်ပွဲတွေကို မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အရင်ကကျင်းပလေ့ရှိခဲ့ပေမဲ့ ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရပ်ကွက်တွေ တော်တော်များများမှာ ကျင်းပတာတွေ ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့နေ ဒေသခံတွေဆီက သိရပါတယ်။
ကိုဗစ်ကာလတည်းကစပြီး ရပ်ကွက်တွေမှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေ ကျင်းပမှု နည်းသွားခဲ့ရာက ၃ နှစ်နီးပါး ကြာမြင့်လာတဲ့အချိန် ဒီနှစ်ကျရောက်တဲ့ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ မရှိသလောက် နည်းပါးခဲ့တယ်လို့ ရန်ကုန်မြို့နေသူတဦးက ပြောပါတယ်။
“အရင်တုန်းကဆို ဘောလုံးပြိုင်ပွဲတွေ၊ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွေကို လွတ်လပ်ရေးနေ့ မတိုင်ခင်တည်းက ကျင်းပနေကျပါ။ အခုတော့ ဒါတွေအားလုံး ပျောက်ကုန်ပြီး လူတွေက အိမ်ထဲအိမ်ပြင် မထွက်ရဲလောက်အောင် ဖြစ်နေတယ်။ ပြောရရင် မလွတ်လပ်တဲ့ လွတ်လပ်ရေးနေ့ပေါ့။”
နှစ်စဥ် လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံတဝန်းရှိ ရပ်ကွက်အသီးသီးမှာ ရပ်ကွက်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ်ပြေးပွဲ၊ အာလူးကောက်ပွဲ၊ အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနဲ့ ခေါင်းအုန်းရိုက်ပြိုင်ပွဲအပြင် တခြားအားကစားပြိုင်ပွဲတွေကို ပျော်ရွှင်ဖွယ် ထည့်သွင်းကစားခဲ့ကြတာပါ။
ဒီနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကိုတော့ နေပြည်တော်ရှိ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲကိုလည်း စစ်ခေါင်းဆောင်က လွတ်လပ်ရေးနေ့မတိုင်ခင်ရက်က တံခွန်စိုက်ဖလားနဲ့ ဆုငွေချီးမြှင့်ခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံနဲ့ မှော်ဘီ စတဲ့ မြို့နယ်တွေမှာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ရှိနေတာကြောင့် လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။