Home
ဆောင်းပါး
အင်းစိန်ထောင်ရှေ့က အမေစောင့်နေမယ်
DVB
·
January 5, 2024
Article MyintMyatThu_05012024

ပူပြင်းလှတဲ့ နေပူအရှိန်ကို အန်တုလို့ အင်းစိန်ထောင်ရှေ့မှာ လူအုပ်ကြီး ရပ်နေပါတယ်။ ထောင်တံခါးဝကို ငေးကြည့်ရင်း တချို့က မျက်ရည်တွေဝဲနေသလို တချို့မှာတော့ နှုတ်ခမ်းက ဘုရားဂုဏ်တော်တွေ ရွတ်နေကြပါတယ်။

စက္ကူဖြူပေါ်မှာ နာမည်တွေရေးပြီး စောင့်နေသူတွေရှိသလို အောင်ပွဲရစစ်သည်တဦးကို စောင့်ကြိုနေသလို သပြေပန်းကိုင်ပြီး စောင့်နေသူတွေလည်း ရှိပါတယ်။

အင်းစိန်ထောင်အတွင်း ထောင်ဝန်ထမ်းတွေက လုံခြုံရေးယူထားသလို ထောင်ရှေ့ ကားလမ်းတဝိုက်မှာတော့ ယာဥ်ထိန်းရဲနဲ့ နယ်မြေခံရဲက နေရာယူထားပြီး ထောင်အနီး တဝိုက်မှာတော့ လက်နက်အပြည့်အစုံနဲ့ စစ်ကားနှစ်စီးက ကင်းလှည့်နေပါတယ်။

လူအုပ်ကြား စရဖနဲ့ SB ရဲတွေက ဝင်ရောက်သတင်းယူသလို နိုင်ငံရေးပြစ်မှုနဲ့ ပြစ်ဒဏ်ကျခံနေသူ မိသားစုဝင်တွေရဲ့ဘေးမှာ ထောက်လှမ်းရေးအဖွဲ့တွေက အသွင်ယူကာ လှုပ်ရှားနေပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေ၊ ထောက်လှမ်းရေးတပ်တွေ များပြားနေပေမဲ့ ပြစ်ဒဏ်လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေကို လာစောင့်နေသူတွေက သူတို့ကို စိတ်ဝင်စားခြင်းမရှိပေ။

မနက် ကိုးနာရီကျော်လောက်မှာ အင်းစိန်အကျဥ်းထောင်အတွင်းကို YBS ခရီးသည်တင်ယာဥ် အစီး ၂၀ လောက် ဝင်ရောက်သွားပြီးနောက် လာရောက်စောင့်မျှော်နေသူတွေ လှုပ်ရှားစပြုလာပါတယ်။

ထောင်ရှေ့ကနေ အင်းစိန်ထောင်တွင်းက ပြန်ထွက်လာမယ့် YBS ခရီးသည်တင်ယာဥ်တွေကို အကျဥ်းသားမိသားစုဝင်တွေဟာ စောင့်မျှော်နေကြပါတယ်။ နေအရှိန်ထက် ရင်ထဲပူလှတဲ့ စိုးရိမ်စိတ်ကြောင့် ထီးဆောင်းနိုင်သူပင်မရှိဘဲ ထောင်အတွင်းကိုသာ လူအုပ်ကြီးက ငေးကြည့်နေပါတယ်။

စက္ကူဖြူပေါ်မှာ နာမည်တွေရေးပြီး စောင့်နေသူတွေရှိသလို အောင်ပွဲရစစ်သည်တဦးကို စောင့်ကြိုနေသလို သပြေပန်းကိုင်ပြီး စောင့်နေသူတွေလည်း ရှိပါတယ်။

အဖေ၊ အမေ၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ လွတ်ငြိမ်းနဲ့ပြန်လွတ်လာမှာကို ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေလျင် စတဲ့ နည်းအမျိုးမျိုးနဲ့ မြို့နယ်အသီးသီးက မိသားစုဝင်တွေက ထောင်အတွင်းက YBS ပြန်ထွက်အလာကို စောင့်နေကြပါတယ်။

မွန်းတည့် ၁၂ နာရီလောက်မှာ အင်းစိန်အကျဥ်းထောင်ထဲက အကျဥ်းသား၊ အကျဥ်းသူတွေကို တင်ဆောင်လာတဲ့ YBS ယာဥ်တွေ ထွက်လာပါတယ်။

“ရဲကြီးရေ ငါဒီမှာ၊ မိမော်ရေ ရှေ့ရောက်ရင်ဆင်းလိုက်နော်၊ ထောင်အရှေ့ကျော်မှာ ငါစောင့်နေမယ်၊ သမီးလေးလည်းပါတယ်” လို့ ကားအောက်ကနေ ပြောဆိုနေသူတွေရဲ့ အသံကို ကျယ်လောင်စွာ ကြားရပါတယ်။

အင်းစိန်ထောင်ရှေ့အနီးတဝိုက် YBS ကားတွေ ရပ်ပြီးနောက် လွတ်လာသူတွေကို ထွေးပိုက် ကြိုကြသူတွေရှိသလို ငိုယိုပြီး အလွမ်းသယ်ကြသူတွေကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတဝန်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား/အကျဥ်းသူ ၉,၆၅၂ ဦး၊ နိုင်ငံခြားသား ၁၄၄ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေးတယ်လို့ ကြေညာခဲ့ပါတယ်။

အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ်လာလို့ ပျော်သူတွေရှိသလို လွတ်ငြိမ်းစာရင်းမှာ ပါမလာလို့ ဝမ်းနည်းရသူတွေလည်း ရှိပါတယ်။

“သားလေးက ကွမ်းအရမ်းကြိုက်တာ၊ အဲ့ဒါကြောင့် သူကြိုက်တဲ့ နိုင်တီတူးနဲ့ကွမ်းကို နှစ်ထောင်ဖိုး ဝယ်လာတာ၊ ဒီနေ့ လွတ်တဲ့အထဲပါရင်တော့ ကောင်းမယ်” လို့ အသက် ၆၀ အရွယ်ရှိ အမျိုးသမီးတဦးရဲ့စကားက ကြားရသူအဖို့ ရင်ထဲဆို့နင့်လှပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက ရွှေပြည်သာဆန္ဒပြပွဲတခုမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၇ နှစ် ချခံရကာ လွတ်ငြိမ်းခွင့်ပေးတိုင်း အင်းစိန်ထောင်ရှေ့ လာစောင့်နေခဲ့တာ လေးကြိမ်ရှိပြီလို့ သူက ပြောပါတယ်။

“အကြမ်းဖက်သမားမဟုတ်ဘူး။ အဲ့လိုအမိန့်ချလိုက်တော့ အမေက စိတ်ထဲမကောင်းဘူး။ လူငယ်ဆိုတော့ စစ်တပ်ကို မခံချင်စိတ်နဲ့ ဆန္ဒပြတာပဲရှိတယ်။ ပုဒ်မ ၅၀၅ နဲ့မချဘဲ အကြမ်းဖက်ပုဒ်မနဲ့ချတာ။ အမေတို့က မလိုက်နိုင်တော့ ထောင် ၇ နှစ် ကျသွားတယ်။ ထောင်လွှတ်တိုင်း လာစောင့်တာ လေးကြိမ်ရှိပြီ၊ နေမကောင်းတဲ့ရက်တွေ မလာဘူး။”

သူ့အဖြစ်အပျက်ကို ရှင်းပြရင်း မောပန်းလာတာကြောင့် အိမ်ကနေ ရေသန့်ဘူးနဲ့ထည့်လာတဲ့ ရေနွေးကြမ်းကို တကြိုက်မော့သောက်ပါတယ်။

သူ့လိုပဲ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံထားရတဲ့ သမီးဖြစ်သူကို စစ်ကောင်စီက လွတ်ငြိမ်းပေးတိုင်း လာစောင့်နေတာ ၃ ကြိမ်တိုင်ရှိပြီဖြစ်တဲ့ မရမ်းကုန်းမြို့နယ်က ဖခင်တဦးလည်း ရှိပါတယ်။

အင်းစိန်အကျဥ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးသူတွေထဲမှာ ပုဒ်မ ၅၀၅(က)၊ စစ်ပြေး၊ ရဲပြေးနဲ့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေသာ ပါဝင်ပြီး ပြစ်မှုကြီးတဲ့ နိုင်ငံရေးအမှုတွေ မပါဘူးလို့ ပြစ်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူတဦးရဲ့ ဖခင်တဦးက ပြောပါတယ်။

“ရပ်ကွက်ထဲက ခိုးမှုနဲ့ ထောင်ကျတဲ့သူတောင် ဒီနေ့ပြန်လွတ်တယ်။ နိုင်ငံရေးအမှုလည်း ၅၀၅ လောက်ပဲပါတယ်။ ၁၀ နှစ်လောက် ပြစ်ဒဏ်ကျခံနေသူတွေ မပါဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသူတွေထဲမှာ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျနေသူတွေ ပြန်လွတ်တာ နည်းပါးတယ်လို့ လာရောက်စောင့်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ပြန်လွတ်သူတွေဟာ ထောင်သုံးနှစ်နဲ့ သုံးနှစ်အောက် ပြစ်ဒဏ်ကျခံထားသူတွေသာ ပါဝင်တယ်လို့ အကျဥ်းထောင်ရှေ့ လုံခြုံရေးယူထားတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

“ဒီနေ့ ပုဒ်မ ၅၀၅(က) ရယ် တခြားပြစ်မှုတွေရယ်ပဲ ပါတယ်။ သုံးနှစ်အထက်တွေ မပါဘူး။ သိရသလောက် နိုင်ငံရေးပုဒ်မနဲ့ နှစ်ရှည်ထောင်ကျခံနေသူရတွေက ပါတာနည်းတယ်” လို့ လာရောက်စောင့်နေသူတွေကို ရှင်းပြပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာကနေ သတင်းမကြေညာခင်ကတည်းက ထောင်လွှတ်မှာကို ကြိုသိနေတဲ့လူတွေလည်း ရှိပါတယ်။

“ဒီနေ့ အင်းစိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတာ ညကတည်းက ထောင်က ဖုန်းဆက်တယ်။ အကျဥ်းဦးစီးနဲ့ လိုင်းဝင်ထားသူမှန်သမျှ အကုန်သိတယ်” လို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ဘယ်ပုဒ်မတွေ၊ နှစ်ဘယ်လောက်ကျခံရသူတွေ ပြန်လွတ်မှာကို မသိဘဲ လာစောင့်နေသူတွေက ထောင်ထဲက YBS ကားတွေ ထွက်လာမှာကိုပဲ နေပူထဲမှာ စောင့်မျှော်နေကြပါတယ်။

ညနေစောင်းလို့ အင်းစိန်ထောင်တံခါး ပိတ်သွားချိန်မှာ လာရောက်စောင့်နေသူတွေ မျက်ရည်စက်လက်နဲ့ ပြန်ရပါတယ်။

မနက်ကတည်းက ထောင်ရှေ့ ထီးမပါ အဖော်မပါဘဲ တယောက်တည်း လာစောင့်နေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးက စက္ကူဖြူပေါ်မှာ ဆော့ပင်နဲ့ရေးထားတဲ့ နာမည်စာရွက်လေးကို ခေါက်ကာ အိတ်ထဲထည့်ပြီး အသိမိတ်ဆွေတဦးကို ပြောလိုက်တဲ့ စကားကြောင့် ဘေးဝဲယာကလူတွေ မျက်ရည်ဝဲသွားပါတော့တယ်။

“အမေပြန်သွားပြီ၊ ထောင်များထပ်လွှတ်လို့ သားလေးပါလာခဲ့ရင် အမေ အင်းစိန်ထောင်ရှေ့က စောင့်နေတယ်” လို့ ပြောပေးနော် ...။

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024